မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲ ကံမမြို့နယ်၌ကျင်းပ

ကံမ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကံမ)၏ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများစာရင်းကောက်အဖွဲ့တွင် ပါဝင်သည့် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ဆရာ ဆရာမများ  တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဦးက အမှာစကားပြောကြားရာတွင် မြေပြင်တိုက်ဆိုင်စစ်ဆေးမည့်လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အလေးအနက်ထား သင်ကြားနာယူ၍ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက်သင်တန်းအား ဆက်လက်ပို့ချရာ သင်တန်းနည်းပြများက မြေပြင်ကွင်းဆင်း ကောက် ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ အထစ- ပုံစံအလွတ်ဖြင့် ကောက်ယူလာသော စာရင်းများနှင့် ပတ်သက်၍ e-ID Data Base တွင် ယာယီနေထိုင်သူများ စာရင်းသွင်းရန်နှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ စာရင်းကောက်လက်စွဲစာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ ရှင်းလင်းခြင်း၊ ပြောင်းဝင်/ပြောင်းထွက် သေဆုံးများနှင့်ပတ်သက်၍ မှတ်ချက်ပေးခြင်း၊ Update  ပြုလုပ်ခြင်းလုပ်ငန်းများနှင့် သင်တန်းဆိုင်ရာများအား (၂)ရက်ကြာပို့ချပေးသွားမည်ဖြစ်ကြောင်း    သင်တန်းသားသင်တန်းသူ(၂၃၈)ဦး တက်ရောက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)