(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းလှမြို့နယ် ဓာတ်ကုန်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် ရေနံမကျေးရွာအုပ်စု၊ ဓာတ်ကုန်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို  ယမန်နေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဓာတ်ကုန်း ကျေးရွာဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းကော်မတီဝင် (၁)ဦးက ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဓာတ်ကုန်းကျေးရွာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

မင်းလှမြို့နယ် ဓာတ်ကုန်းကျေးရွာတွင်း လမ်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ရာတွင် လမ်းအရှည် ၆၄၅ပေလမ်းအကျယ်၁၅ပေ ထု၆လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ် ၁၀သန်း၊ ပြည်သူထည့်ဝင်ငွေ၂၁.၀၉၁၀ကျပ်သန်း စုစုပေါင်း၃၁.၀၉၁ကျပ်သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းဆောင်ရွက်ခြင်းဖြင့်   ကျေးရွာရှိအိမ်ခြေ ၃၂၀ လူဦးရေ ၁၁၃၈ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)