မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်

ကြို့ပင်ကောက် ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မှန်ကန်သော လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက်  မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်း ဆောင်ရွက်မည့် စာရင်းကောက်အဖွဲ့ဝင်များအား သင်တန်းပို့ချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အဆင့်နည်းပြသင်တန်းသို့ သွားရောက်သင်ယူခဲ့ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများက မြို့နယ်အဆင့်သင်တန်းသားများကို သင်တန်းစတင် ဖွင့်လှစ်ပို့ချ ပေးခဲ့ကြသည်။

အဆိုပါ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အထက (ပန်းတင်) ကျောင်းတို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းသင်တန်းသားများ (၄၈)ဦးစီအား နှစ်နေရာခွဲ့၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်တန်းပြီးဆုံးသွားပါက ဇန်နဝါရီလ (၉)ရက်နေ့မှစ၍ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)