လက်ပံတန်းမြို့တွင် ပေါ့ဆမှုကြောင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

လက်ပံတန်း ဒီဇင်ဘာ ၂၇

ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက်၊ ပတ္တမြားခြံလမ်းတွင် ယမန်နေ့ ညနေ ၄ နာရီခန့်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပတ္တမြားခြံလမ်းနေ ဒေါ်စန်းဌေး (ဘ)ဦးကြီးမြင့် ဈေးရောင်းသည် နေအိမ်တွင် ထင်းမီးဖြင့် ကောက်ညှင်းထုပ် ပြုတ်ထားရာမှ မီးဖိုဘေးကာရံထားသော ထရံအားမီးကူးစက်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်းကျော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်းနှစ်ထပ် အိမ်အပေါ်ထပ် ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်စန်းဌေးအား လက်ပံတန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)