ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးစိုက်ခင်းများ လှိုင်လှိုင်သိမ်းဆည်းလျက်ရှိပြီး တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ခြောက်သောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီး

ပွင့်ဖြူ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဒီဇင်ဘာလဆန်းပိုင်းကစပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယမန်နေ့အထိ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ခြောက်သောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၆၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ အဓိက စိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း ၊ ရတနာတိုး ၊ ပေါ်ဆန်းရင် ၊ ချမ်းမြေ့မေ ၊ ဆင်းသုခ ၊ မနောသုခ ၊ ပခန်းရွှေဝါ ၊ သီးထပ်ရင် ၊ ဧရာပဒေသာ စသည့် စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများ စိုက်ပျိုး ထားသည့် မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံ အချိန်မီ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် ဒီဇင်ဘာလဆန်း(၁)ရက်နေ့မှ စတင်ပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယမန်နေ့ ဒီဇင်ဘာ(၂၆)ရက်နေ့အထိ တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ၆၀၃၀၈ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအနေဖြင့် ၈၆ ဒသမ ၅၉ ရာခိုင်နှုန်း ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် ဆည်ရေသောက်ဧရိယာ အများဆုံး မြို့နယ်တစ်ခုဖြစ်၍ နှစ်စဉ်နှစ်တိုင်း မကွေးတိုင်းဒေသကြီးအတွက် ဆန်စပါးထွက်ကုန် အများဆုံး စိုက်ပျိုးထုတ်လုပ် ပေးနိုင်သဖြင့် ဆန်စပါးစားနပ်ရိက္ခာဖူလုံသော အိုအေစစ်မြို့လေးဟု ဒေသခံပြည်သူများက တင်စားခေါ်ဝေါ်လေ့ရှိကြောင်း သိရကာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး သတ်မှတ်လျာထားဧက ၆၉၀၉၄ ဧက တွင် မြေပြင် စိုက်ပျိုးနိုင်မှုဧက ၆၉၆၄၅ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ၅၅၁ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စနစ်တကျ စိုက်ပျိုးခဲ့ရာ တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိပြီး စပါးဈေးလည်း ယခင်နှစ်ထက် ဈေးပိုရ၍ ဒေသခံတောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရ သည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)၏