မကွေး ဒီဇင်ဘာ ၂၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ် မိတ်ဆက်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ် မိတ်ဆက်ပြပွဲ အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တက္ကသိုလ်စာပေနှင့် အနုပညာအသင်းက ထံတျာပုစဉ်းတောင်သံကြိုး တေးသီးချင်းဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့သည်။
ဆက်လက်၍ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးကဏ္ဍသည် အဓိကစွမ်းအင်တစ်ခုဖြစ်ပြီး ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သော ပညာရေးတစ်ခု ဖြစ်ထွန်းစေရန် အမျိုးသားပညာရေး မူဝါဒတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ တက္ကသိုလ်သည် နိုင်ငံ၏အနာဂါတ် လူ့စွမ်းအားအရင်းမြစ်များ ဖြစ်သော မောင်မယ်သစ်လွင်ကျောင်းသား/သူတို့အား လက်တွေ့ဘဝတွင် အသုံးဝင်နိုင်သည့် အစဉ်လေ့လာသင်ယူတတ်သော အလေ့အကျင့်ကောင်းများ ရှင်သန်စေရန် မိမိအရည်အသွေးကို နိုင်ငံတကာစံမီရန် စီမံတတ်သူများဖြစ်လာစေရန်၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးများကို ချဉ်းကပ် လေ့လာရာမှ သုတေသနပြုတတ်သော၊ စူးစမ်းတတ်သော အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုး လာစေရန်နှင့် ပညာပြည့်ဝနှလုံးလှသော နိုင်ငံ့အကျိုးပြုပညာရှင်များ ပေါ်ထွန်းလာစေရန် သင်ကြားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူစွမ်းအားအရင်းမြစ်များကို လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနေသော တက္ကသိုလ်ပညာရေးမှ သင်ရိုးညွန်းတမ်းများ၊ သင်ကြားနည်းစနစ်များအား ဆန်းစစ်သုံးသပ်ပြီး အရည်အသွေးကောင်းများ ပေါ်ထွန်းစေရန် အစဉ်မြှင့်တင်ပေးသလို ဒေသအလိုက် ပညာသင်ယူမှုဆိုင်ရာ အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာစေရန် တက္ကသိုလ်များအား အဆင့်မြှင့်တင်ကာ ပညာရေး အခွင့်အလမ်းများ ပွင့်လန်းစေခဲ့ပြီဖြစ်ပါကြောင်း၊ မကွေး တက္ကသိုလ်တွင်လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ပထဝီဝင်ဆိုင်ရာ သတင်း အချက်အလက်စနစ် ဒီပလိုမာ၊ စီးပွားရေးဥပဒေပညာ ဒီပလိုမာအချိန်ပိုင်း သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသလို ကျောင်းသား/သူ လူငယ်လူရွယ်များ ဗလငါးတန် ပြည့်စုံပြီး စိတ်စွမ်းရည်သာမက ကာယစွမ်းအားပါ ပြည့်ဝကြံ့ခိုင်လာစေရန် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများအပြင် လုပ်ငန်းခွင်အထောက်အကူပြု ဒီပလိုမာ သင်တန်းများ၊ အခြေခံမဟာဂီတသင်တန်းများ၊ စာပေယဉ်ကျေးမှုဆိုင်ရာ ပြပွဲပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့်လည်း ပညာပြည့်ဝနှလုံးလှပြီး အနာဂါတ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်နိုင်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်ဆရာ/ဆရာမများက ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဘာသာရပ်ဌာန အသီးသီး အလိုက် ခင်းကျင်းပြသလျက်ရှိသော ဘာသာရပ်မိတ်ဆက်ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ