ရေနံချောင်း ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ရေနံချောင်းတက္ကသိုလ် ပင်မဆောင်အပေါ်ထပ်တွင် ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများအနေနဲ့ တိုင်းရင်းသားညီနောင်များ၏ အသက်သွေးချွေးပေါင်းများစွာဖြင့် ခက်ခက်ခဲခဲရယူခဲ့ကြရသည့် လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိကာ မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပေးခြင်းဖြစ်ပြီး ဆုရရှိသူများအား ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်ထံမှ သိရသည်။
စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးက “လွတ်လပ်ရေး၏အနှစ်သာရ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးက “လွတ်လပ်ရေးအောင်လံမြူးလွင့်ချိန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးက “လွတ်လပ်ရေးအမွေအမြဲတည်တံ့ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)