မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူလူထုတွေ့ဆုံ၍ ဒေသဖွံဖြိုးရေးဆွေးနွေး

ရေဦး ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယနေ့နေ့လယ် ၁ နာရီက အောင်မင်္ဂလာရပ်ကွက်အားကစားရုံ၌ မြို့နယ်ဖွံဖြိုးတိုးတက်ရေးဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်တို့က ရေဦးမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး ဒေသဖွံဖြိုးတိုးတက်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ စည်ပင်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှလည်း ဌာနလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို အသိပေးရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှုအပေါ်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ကူညီဖြေရှင်းပါရန် တင်ပြ‌ဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်နှင့် ထပ်ဆောင်းအပိုထိုးနှံပေးနေမှုအခြေအနေ၊  မူးမြစ်အနီးချောင်းကူးတံတားတည်ဆောက်ပေးနိုင်မှု ရှိမရှိနှင့်ပတ်သက်၍ သိရှိလိုကြောင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများမှ မေးမြန်းချက်များကို အသေးစိတ်ပြန်လည်ဖြေကြားကာ လိုအပ်ချက်များ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ရပ်ကွက်သူ ရပ်ကွက်သား ၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး လက်၀ယ်အရောက်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌက ရပ်ကွက်အတွက် ကျန်းမာရေးသုံးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထိုက်(ရေဦး)