ကြို့ပင်ကောက် ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြည်သူ့အားကစားကွင်းတွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယနေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ နွယ်ခွေရပ်ကွက်အသင်းမှ ပထမရရှိသွားကြောင်း သိရသည်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရပ်ကွက်ကျေးရွာအသင်းများနှင့် ဌာနဆိုင်ရာအသင်းစုစုပေါင်း ၁၂ သင်းဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို နွယ်ခွေရပ်ကွက်အသင်းနှင့် ဒုတိယဆုကို ပန်းတင်ရပ်ကွက်အသင်းတို့မှ ရရှိသွားကြောင်း ဆုရအသင်းများကို ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားဦးစီးမှူး ဦးမြင့်နိုင်ထံမှ သိရသည်။
၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်သူ့အားကစားကွင်း၌ ရိုးရာအားကစားနည်းများဖြစ်သော လျောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲနှင့် အခြားသောအားကစားပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်၍ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များမည်သူမဆို လာရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)