အုတ်တွင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေပေးမြောင်းများပိတ်ဆို့မှုမဖြစ်ပေါ်စေရေး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်တိုကျူး(Tokyu)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ရထားလမ်းများအဆင့်မြှင့်တင်ရာ၌ စိုက်ပျိုးရေပေးမြောင်းများပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ဆောင်းသီးနှံ၊ နွေစပါးများထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေးနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့နှင့်ဌာနဆိုင်ရာအဖွဲ့များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားလမ်းအဆင့်မြှင့်တင်ရေးကုမ္ပဏီမှ တာဝန်ရှိသူများကလည်း ဆည်မြောင်းမှပို့လွှတ်နေသည့် စိုက်ပျိုးရေပေးမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေမြောင်းပိတ်ဆို့မှုမရှိဘဲ ရထားလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်တိုးထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)