စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်ပွဲနှင့် မုံရွာပညာရေးဒီဂရီ ကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားများ တက်ရောက်

မုံရွာ ဒီဇင်ဘာ ၂၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ သလ္လာဝတီလမ်းနှင့် ချင်းတွင်းလမ်းပိုင်း နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်မုခ်ဦးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည် သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ မြို့တွင်း လမ်းများအားလုံး အဆင့်မြင့်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုများ သွားလာမှုလွယ်ကူအဆင်ပြေစေရေးနှင့် ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ပြီး နိုင်လွန်ကတ္တရာလမ်းသစ်များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားအဆင့်အလိုက် စီမံချက်များ ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး၊ အခန်းကဏ္ဍ များလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ လမ်းများဖွံ့ဖြိုး တိုးတက်မှသာ မြို့ဖွံ့ဖြိုးတိုးတက်မှာလည်း ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ချင်းတွင်းလမ်းသည် မုံရွာမြို့မှ အထက်ချင်းတွင်းဒေသများဖြစ်သည့် မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့များသို့ ကုန်စည်ပို့ဆောင် ကူးသန်းသွားလာကြသည့် ရေယာဉ်လိုင်းများ ဆိုက်ကပ်၍ ကုန်စည်များ အတင်/အချ သယ်ယူပို့ဆောင်ရာတွင် အဓိကအသုံးပြုရသည့် လမ်းမကြီးတစ်ခု ဖြစ်ပါကြောင်း၊ မုံရွာမြို့နေပြည်သူများအတွက် နံနက်ခင်းနှင့် ညနေခင်းအချိန်များတွင် ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အပန်းဖြေခြင်းများ လာရောက်ဆောင်ရွက်ကြသည့် သာယာလှပသော လမ်းမကြီးတစ်ခုလည်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ အဓိကလိုအပ်ချက်များကို ဘက်စုံထောင့်စုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ရုံးကြီးရပ်ကွက် သလ္လာဝတီလမ်းနှင့် ချင်းတွင်းလမ်းပိုင်း နိုင်လွန်ကတ္တရာ လမ်းသစ်များ ခမ်းကျင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က သလ္လာဝတီလမ်းနှင့် ချင်းတွင်းလမ်းပိုင်း နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ လမ်းသစ်မုခ်ဦးရှေ့တွင် တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ သလ္လဝတီလမ်း နိုင်လွန်ကတ္တရာလမ်းသစ်သည် အလျား ၃၂၁၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု လက်မခွဲဖြစ်ပြီး ချင်းတွင်းလမ်းပိုင်း နိုင်လွန်ကတ္တရာလမ်းသစ် သည် အလျား ၉၇၇၂ ပေ၊ အကျယ် ၂၂ ပေ၊ ထု လက်မခွဲရှိပြီး လမ်းသစ်များအား မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေး ဒီဂရီ ကောလိပ်ရှိ ပဉ္စဗလဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် ပညာရေး ကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ပညာရေးကဏ္ဍတွင် ဆရာများ၏ အခန်း ကဏ္ဍသည် အဓိကကျသည့် အရည်အသွေးပြည့်ဝသော ဆရာ၊ဆရာမကောင်းများဖြစ်အောင် အထူးဂရုပြု ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးရေး အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နိုင်အောင် ကြိုးစားသင်ယူလေ့လာသွား ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမ ကြီးထံ ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က မုံရွာပညာရေးဒီဂရီကောလိပ်တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ အတွက် ငွေကျပ် ၁၀ သိန်းတို့အား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆို၊ကပြဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်