ချောင်းဆုံ ဒီဇင်ဘာ ၂၆
ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ကကျင်းပရာ ရှေးဦးစွာ အခမ်းအနား မုခ်ဦးရှေ့တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီ၊ အပူဇော်ခံဆရာမကြီး ဒေါ်အေးရွှေ ကျောင်းသားဟောင်း ဦးတင်ရှိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲအထိမ်းအမှတ်ဖြင့် ကျောင်းသားဟောင်းများက ခရေပင်စိုက်ပျိုးခဲ့ကြသည်။
အခမ်းအနားတွင် ပူဇော်ပွဲအထိမ်းအမှတ်အလံအားကျင်းပရေး ကော်မတီဥက္ကဋ္ဌက ကျောင်းအုပ်ကြီး အားပေးအပ်ကာ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး ပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းမြင့်မောင်လေးက ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်တို့က ဂုဏ်ပြု စကားပြောကြားသည်။
ဆက်လက်၍ မြတ်ဆရာ ဂုဏ်ပြုရတုပိုဒ်စုံဖြင့် သီဆိုပူဇော်ကာ မြတ်ဆရာဂုဏ်ကို ဖော်ကျူးသည့် စာတမ်းလွှာကို ဦးငွေထွန်းက ဖတ်ကြားသည်။ ထို့နောက် အသက်(၅၀)နှင့်အထက် အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီး(၆၇)ဦးအား ပူဇော်ကန်တော့ခဲ့ကြပြီး ကျောင်းသား/သူဟောင်းများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြကာ လှူဖွယ်ပစ္စည်းများနှင့် မဲစနစ်ဖြင့် ကံထူးရှင်ရွေးချယ်ခြင်းများ ပြလုပ် ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)