ပေါင်းတည် ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေးထုတ်ကုန် တိုးတက်မြင့်မားရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် စိုက်ပျိုးရေးကဏ္ဍများ၌ ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းရာသီ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရေးအတွက် ပေါင်းတည်မြို့နယ်၌ ၃၆၈၂ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
နတ်တလင်းခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ် အပါအဝင် ပုတီးကုန်း၊ သဲကုန်းမြို့နယ်များတွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို စိုက်ခင်းများမှ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်သို့ မီးရထား၊ ကုန်တင်ကားများဖြင့် နေ့စဉ် စဉ်ဆက်မပြတ် ထုတ်လုပ်တင်ပို့လျက်ရှိသည်။
စားဝတ်နေရေးကိစ္စမှာ လူတွေနေ့စဉ် စားသောက်နေရတဲ့အတွက် ဟင်းသီးဟင်းရွက်က မရှိမဖြစ်ပါဘူး၊ နေ့စဉ်ထွက်ရှိအောင် ရာသီအလိုက် ကိုက်ညီမယ့် အပင်တွေ စိုက်နေပါတယ်၊ စိုက်သူ၊ ဝယ်သူ၊ စားသုံးသူ အဆင်ပြေစေမယ့် စျေးနှုန်းမျိုးလည်းဖြစ်စေချင်ပါတယ်ဟု တောင်ပို့လှရွာမှ ခြံစိုက်ပျိုးသူ ဦးပုက ပြောသည်။ ယခုအချိန်ကာလတွင် ပန်းဂေါ်ဖီပွင့်၊ ခရမ်းသီး၊ ခရမ်းကြွတ်သီး၊ ပဲတောင့်ရှည်၊ ဆလပ်ရွက်ထုပ်နှင့် ငရုတ်များ လှိုင်လှိုင်ထွက်လျက်ရှိပြီး ဒေသခံကုန်စိမ်းဒိုင်များမှ ဝယ်ယူ၍ရန်ကုန်နှင့် အနယ်နယ်အရပ်ရပ်ဒေသများသို့ ဖြန့်ချိပေးလျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)