ပွင့်ဖြူ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်ပလပ်စတစ်အမှိုက် ကောက်ယူခြင်းလုပ်ငန်းကို အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စလင်း ၊ ပွင့်ဖြူ - မင်းဘူးသွားကားလမ်း လမ်းဘေး(ဝဲ ၊ ယာ) တစ်လျှောက် ကွင်းဆင်းပြီး အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စွန့်ပစ်ပလပ်စတစ်အမှိုက်များကို လိုက်လံကောက်ယူ ရှင်းလင်းဆောင်ရွက်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရှောက်တောကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးဝန်းကျင် သန့်ရှင်းသရပ်မှုရှိစေရန် ဈေးရုံအတွင်း ၊ အပြင်အား စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပြီး ဈေးအနီး စွန့်ပစ်အမှိုက်ရှိ အမှိုက်များကို ရှင်းလင်းသိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် မြို့မစည်ပင်သာယာဈေးအတွင်းရှိ အများသုံး သန့်စင်ခန်းအဆောက်အအုံများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆေးသုတ်ခြင်းနှင့် ဈေးဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း ၊ ပွင့်မာလာပန်းခြံအတွင်း စိုက်ပျိုးထားရှိသော အလှပန်းပင်များနှင့် ပျိုးဥယျာဉ်ခြံ၌ ပျိုးထောင်ထားရှိသော ပန်းအလှပင်များကို ရေဖျန်းခြင်း ၊ ပေါင်းမြက်များနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )