(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

မြင်းမူ ဒီဇင်ဘာလ ၂၆

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၅)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုက နောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး ဆုရရှိသည့် အားကစားသမားများနှင့် အသင်းများအား တာဝန်ရှိသူများနှင့်အတူ ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ(၂၂)ရက်နေ့မှစတင်ကာ ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ(၂၅)ရက်နေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများအနေဖြင့် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်နှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများပါဝင်ကြောင်း၊ မြို့နယ်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။

အောင်စိုးဖေ