အုတ်ဖို ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြိုတော်ခန်းမတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ် Working Group မှ တွဲဖက်အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ဝင်းလတ်က လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်း၊ မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန်သောစာရင်းရရှိရေး မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းလမ်းညွှန်ချက်များအား သင်တန်းသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဟောပြောဆွေးနွေးပို့ချခဲ့သည်။
အုတ်ဖိုမြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ