အုတ်တွင်းမြို့နယ်၌ (၁၉)ကြိမ်မြောက်(မြတ်ဆရာ)အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ

အုတ်တွင်း ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့အထကမှ ကျောင်းသားကျောင်းသူဟောင်းများ ဦးဆောင်ပြုလုပ်သော (၁၉)ကြိမ်မြောက် (မြတ်ဆရာ) အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့လယ်ဓမ္မရက္ခိတကျောင်းတိုက် သာသနာ့ဗိမာန်၌ ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် ကန်တော့ခံ ဆရာတော်ကြီး ဘဒ္ဒန္တဩသဓနှင့် အငြိမ်းစားကျောင်းအုပ် ဆရာမကြီးဒေါ်မြင့်မြင့်က ဩဝါဒစကားပြောကြားသည်။ (မြတ်ဆရာ)ပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က (၁၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲသို့ရောက်ရှိလာ သောကန်တော့ခံ ဆရာ/ဆရာမကြီးများနှင့် ပူဇော်ကန်တော့မည့်ကျောင်းသား/သူဟောင်းများ အားနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ကျောင်းသား/သူဟောင်းများကိုယ်စား ဦးကြည်ဝင်း ကကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး‌နောက် အသက်(၆၀)နှင့် အထက်အငြိမ်းစားဆရာ ဆရာမကြီးများအား ပူဇော်ကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံဆရာ/ဆရာမကြီးများနှင့်မလာရောက်နိုင်သောအဝေးရောက် ဆရာ/ဆရာမကြီး (၉၃)ဦးအား ကျောင်းသား/သူဟောင်းများမှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီဖြင့်ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံမလာရောက်နိုင်သောအဝေးရောက် ဆရာ/ဆရာမကြီး အား  ငွေလွှဲစနစ်ဖြင့် ကန်တော့ခဲ့ကြကြောင်း အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)