ညောင်လေးပင် ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကမ္မဌာန်းကျောင်းတိုက် ပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခ ဌာနမှူး ဆရာ တော် ဒေါက်တာဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ကမ္မဌာန်းကျောင်းတိုက်ရှိ ဒေါ်လှမြင့် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ အဂ္ဂမဟာပဏ္ဍိတဆရာတော်ကြီးအား နိမန္တနဂါထာရွတ်ဆို၍ အခမ်းအနားအဆောင်အယောင်တို့ဖြင့်အခမ်းအနားသို့ ပင့်ဆောင်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ဆရာတော်သံဃာတော်များနှင့် ပရိသတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံကျော်အဆိုတော် စိုးစန္ဒာထွန်းမှ ထူးမခြားနား ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ခဲ့ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်မှ (၈)ပါးသီလခံယူဆောက်တည်၍ မေတ္တသုတ်ဖြင့် ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပင့်ဆောင်လာသောသံဃာတော်များအား လှူဒါန်းဖွယ်ရာများအား လှူဒါန်း ပူဇော်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား ဖတ်ကြားလျှောက်ထားခဲ့သည်။ ထို့နောက် ဆရာတော်အား အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဝိနယပိဋကမဟာဌာန ဦးစန္ဒိမာမှ ဘွဲ့ခံဆရာတော်အား ဂုဏာဘိတ္တဝဂါထာများဖြင့် ပူဇော်ခဲ့ သည်။
၎င်းနောက် ဘဒ္ဒန္တအာစိဏ္ဏမှ ဘွဲ့ခံဆရာတော်၏ ထေရုပ္ပတ္တိအားဖတ်ကြားပူဇော်ခဲ့ပြီးနောက် နိုင်ငံကျော်အဆိုတော် စိုးစန္ဒာထွန်းမှ မဟာမင်္ဂလာရတုပိုဒ်စုံနှင့် ရှစ်ဆယ်ပေါ်တေးထပ်ကို စောင်းဆရာနှင့်တွဲဖက်၍ သီကျူးပူဇော်ခဲ့ကာတပည့်ဒကာ ဒကာမများက ပစ္စယာနုဂ္ဂဟများ ဖြင့် လှူဒါန်းပူဇော်ခဲ့ကြောင်းသိရသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခ ဆရာတော်မှ အနုမောဒနာတရားရေအေးတိုက်ကျွေးခဲ့ပြီး ရေစက်ချအမျှပေးဝေခဲ့သည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ ဂုဏ်ပြုပူဇော်ပွဲအား ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းဒကာ၊ ကျောင်းဒကာမများ၊ ကျောင်းအကျိုးတော်ဆောင်များတရားနာပရိသတ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဟိန်းသူနိုင်(ပြန်ဆက်)