မြန်အောင် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သောသွင်းအားစု( ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ၊ ကွန်ပေါင်းမြေ သြဇာ) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့ ဝေဠုဝန်ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြန်အောင်ခရိုင်အတွင်း ပဲတီစိမ်း (၉၄၈၅) ဧက၊ နွေစပါး(၉၉၄၃)ဧက ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်အောင်မြို့နယ်အတွင်း ပဲတီစိမ်းကို ကျေးရွာအုပ်စု(၁၁)အုပ်စုတွင်(၁၁၈၅)ဧက၊ နွေစပါးကို ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် (၂၇၀၀) ဧက စိုက်ပျိုးရန်လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းတွင် ပဲတီစိမ်းစိုက်ဧကအတွက် ချေးငွေ တစ်ဧကလျှင်(၁၂၀၀၀၀) ကျပ်နှင့်ညီမျှသော (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာ)၊ နွေစပါး စိုက်ဧကများအတွက် တစ်ဧကလျှင်(၂၀၀၀၀၀)ကျပ် နှုန်းဖြင့်ညီမျှသော (ယူရီးယားဓာတ်မြေသြဇာ၊ ကွန်ပေါင်းမြေသြဇာ)များ ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြား သည်။
ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုများကို တောင်သူများထံသို့ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးဌာန၊ Asian Crops Global Co,.ltd စိုက်ပျိုး ရေးကုမ္ပဏီနှင့်အောင်စိုက်ပျိုးရေးဆေးဆိုင်တို့မှ တာဝန်ရှိသူများက(Contract Farming )ဆောင်ရွက်သည့်လုပ်ငန်းစဥ်များ နှင့် သွင်းအားစုပစ္စည်းများ ဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူအစုအဖွဲ့ ကိုယ်စားလှယ်များ၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေး ဆေးအရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ် (မြန်အောင်ပြန်/ဆက်)