သထုံ ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ (သထုံ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယနေ့၊ နံနက်မှ စတင်ကာ ကျင်းပပြုလုပ်ပေးခဲ့သည်။
အားကစားပြိုင်ပွဲများ ဖွင့်လှစ်ရာတွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ပြီး စည်းစည်းလုံးလုံး ဆောင်ရွက်တက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ရင်းရင်းနှီးနှီးရှိစေရန် ရည်ရွယ်ချက်များဖြင့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။
ယင်းနောက် အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ပေးရာ ထုတ်စည်းတိုး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ် ဘောလုံးကန်၊ ကြက်တောင်ရိုက် စသည့် အားကစားပြိုင်ပွဲ အသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့် တို့က အသင်းအလိုက် တပျော် တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)