ငပုတော ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးတို့သည် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် (၁၀)နာရီအချိန်က တမန်ချောင်းကျေးရွာ အုပ်မှူးရုံးတွင် နွေစပါး စိုက်တောင်များနှင့်တွေ့ဆုံခဲ့သည်။ ထို့သို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ဆောင်းသီးနှံများ ကိုလျာထားချက်များနှင့် အညီအပြည့်အဝစိုက်ပျိုးနိုင်ရေး၊နွေစပါး Contact Farming ဖြင့် သွင်းအားစုများ ထုတ်ပေးနိုင်ရေးအတွက် စာရင်းပြုစုဆောင်ရွက်ရေး၊ ဆီထွက် သီးနှံဖြစ်သည့် နေကြာလျာထားချက် ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂ )ဦးသန်းဦးက ကျေးရွာသန့်ရှင်း သာယာ လှပရေး၊ ယာဥ်အန္တရာယ် ကင်းဝေးစေရေးနှင့် အခြားဆောင်ရွက်ရမည့် လိုအပ်ချက်များကိုမှာကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်မှ စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် တမန်ချောင်းကျေးရွာ ဇမ္ဗူဟိန်းဆန်စက်(၁)(၂) လုပ် ငန်းပိုင်ရှင် မန်းစိန်မောင်နှင့်တွေ့ဆုံပြီးဆန်စက်အတွင်း Gasi Fire အသုံးပြု၍ လည်ပတ်နေမှုအားကြည့်ရှုကာ အခြားလိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် တမန်ချောင်းကျေးရွာ စိုက်တိုးမြှင့်အဖွဲ့မှ စိုက်ပျိုးသည့်နေကြာစိုက်ခင်းနှင့် ကမ်းနီကျေးရွာ စိုက်တိုးမြှင့်အဖွဲ့မှ စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းတို့အား ကြည့်ရှုပြီး စနစ်တကျ စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အောင်သူ(ငပုတော)