ဖျာပုံ ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ သကံဂွကြီးကျေးရွာ၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး၊ စံပြကျေးရွာ၊ ကွင်းအမှတ်(၅၁၄)၊ ဦးပိုင်အမှတ်(၃/၁၆) တောင်သူဦးကျင်သိန်း၏လယ်မြေ (၁၄) ဧကတွင် မင်းဧရာစပါးမျိုး၊ မျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ လယ်မြေတွင်ပြုလုပ်သည်။
အဆိုပါမျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပရာတွင် ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးက မျိုးစေ့ချကိရိယာကို အသုံးပြု၍ စိုက်ပျိုးခြင်းအားဖြင့် ရိုးရိုးကြဲခင်းထက် မျိုးစေ့နှုန်းထားသက်သာခြင်း၊ ပျိုးနုတ်ရန်မလိုသဖြင့် ပျိုးပင်ထိခိုက်မှုမရှိခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေသဖြင့် ရေနစ်မြုပ်မှုဒဏ်ခံနိုင်ခြင်း၊ လေဝင်လေထွက်ကောင်းသဖြင့် ပိုးမွှားရောဂါ ကျရောက်မှုနည်းပါးပြီးစိုက်ခင်းကဲ့သို့ အထွက်နှုန်းကောင်းမွန်ခြင်း စသော အကျိုးကျေးဇူးများရရှိသောကြောင့် တောင်သူများအနေဖြင့် စိတ်ပါဝင်စားပြီး လိုက်ပါဆောင်ရွက်ကြစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ သကံဂွကြီးကျေးရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး၊ စံပြကျေးရွာ၊ ကွင်းအမှတ် (၅၁၄) ဦးပိုင်အမှတ်(၃/၁၆) တောင်သူဦးကျင်သိန်း၏လယ်မြေ (၁၄) ဧကတွင် မင်းဧရာစပါးမျိုး၊ မျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေမင်းထိုက်၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ် ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ သကံဂွကြီးကျေးရွာရှိတောင်သူများနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှတောင်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)