မင်းဘူး ဒီဇင်ဘာ ၂၅
မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်သီးဈေး ကောင်းသောကြောင့် ငရုတ်စိုက်တောင်သူများ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သနပ္ပင်စုအုပ်စု ငွေသောင်ကျေးရွာ ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
ငရုတ်သီးကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြပြီး ၆၉၂၊ ဗီယက်နံ၊ ကျောက်စိမ်း၊ ပင်နံ၊ ရှမ်းပွ စသည်ဖြင့် နေရာဒေကို လိုက်၍ အမျိုးမျိုး ခေါ်ကြသော်လည်း ၆၉၂၊ ကျောက်စိမ်းနှင့် ပင်နံမျိုးများကို အများဆုံး အသုံးများကြသည်။
မင်းဘူး(စကု) မြို့နယ်တွင် ယခင် သနပ္ပင်စု၊ ရွာသစ်ကုန်း၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ မန်းကျိုးစသော ကျေးရွာများတွင် ငရုတ်သီးစိမ်းဈေး ၈၀၀/၁၀၀၀ နှင့် ငရုတ်သီး ခြောက်ဈေး ၂၀၀၀/၂၀၀၀ကျော်က တစ်နိုင် တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း ယခုနှစ် ငရုတ်သီးအစိုတစ်ပိဿာ လက်ကားဈေး ၂၀၀၀/၂၃၀၀၊ ငရုတ်သီး အခြောက်တစ်ပိဿာ ၁၅၀၀၀ ဈေးအထိ ဖြစ်လာချိန်တွင် ငရုတ်စိုက် တောင်သူများ အဆင်ပြေလာကာ မင်းဘူး(စကု)တစ်မြို့နယ်လုံး ဧက ၂၀၀ အထိ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လ/ထ ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)