ကျိုက်မရော ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအဖြစ် ကျိုက်မရောမြို့နယ် U-18 အမျိုးသမီး ဘောလုံးအသင်းနှင့် ဟာသ Star FC အသင်း တို့၏ ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကား ပြောကြားရာ၌ “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ပြည်သူတစ်ရပ်လုံး အမှတ်ရနေစေရန်နှင့် လွတ်လပ်ရေးနေ့ကို တန်ဖိုးထားမြတ်နိုးပြီး လူငယ်များအချင်းချင်း လည်းချစ်ခင်ရင်းနှီးစေကာ မြို့နယ်အဆင့် ပြိုင်ပွဲများမှ ထူးချွန်သော လူငယ်ဘောလုံးသမားများ ပိုမိုပေါ်ထွန်းလာစေရန် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်အသင်းမှ အားကစားသမားများက အားကစား သစ္စာအဓိဠာန် ရွတ်ဆိုကာ ပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သော U-18 အမျိုးသမီး ဘောလုံးအသင်းနှင့် ဟာသ Star FC ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲရာ ဟာသ Star FC အသင်းက U-18အမျိုး သမီးအသင်းကို ၅ ဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ရရှိသွား သော အသင်းကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောထူးလေးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ်အားကစားမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)