စေတုတ္တရာမြို့နယ်ရှိ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားများအား အလှူငွေ၊ စားကုန်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင်အဖွဲ့က မင်းဘူးမြို့ရှိ သဘာဝ ဘေးကူညီကယ်ဆယ်ရေးပရဟိတ အဖွဲ့များနှင့် ပူးပေါင်းပြီး သက်ကြီးဘိုးဘွားများထံ အလှူငွေ ၊ စားကုန်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားများအတွက် အလှူငွေ၊ စားကုန်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးရာတွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော် ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်း ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များကမင်းဘူးမြို့မှ ဆရာတော်များ ဦးဆောင်သော သဘာဝဘေးကူညီ ကယ်ဆယ်ရေးပရဟိတအဖွဲ့များနှင့် ပူးပေါင်းပြီး စေတုတ္တရာမြို့နယ် မကျီးစုကျေးရွာမှ သက်ကြီးဘိုးဘွား ၉ ဦး၊ ဟန်ဒေါက်သုံးကျေးရွာမှ သက်ကြီးဘိုးဘွား ၈ ဦး၊ ကျောက်မွဲကျေးရွာမှ သက်ကြီးဘိုးဘွား ၈ ဦး၊ မြောင်းဦးကျေးရွာမှ သက်ကြီးဘိုးဘွား ၃ ဦး၊ စုစုပေါင်း သက်ကြီးဘိုးဘွား ၂၈ ဦးအား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းတန်ဖိုးရှိ ဆန်၊ ဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြုံစောင် ၊ ခေါင်းအုံး ၊ အဝတ်အထည် ၊ ဖိနပ် စသည့် ပစ္စည်းများနှင့် ငွေကျပ် ၅၀၀၀ စီတို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့အနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာ အလှူရှင်များ၏ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် သက်ကြီးဘိုးဘွားများအပြင် စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများကို စိတ် အေးချမ်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် လူနေအိမ်များ ပြုပြင်ဆောက်လုပ်လှူဒါန်းပေးခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနှင့် အခြားသော စားကုန်ပစ္စည်းများ လှူဒါန်းပေးခြင်း၊ အဝတ်အထည်နှင့် ခြုံစောင်များ လှူဒါန်းပေးခြင်းများကို သက်ကြီးဘိုးဘွားများ၏ နေအိမ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်းသိရကာ ရပ်ဝေရပ်နီးမှ စေတနာအလှူရှင်များအနေဖြင့် သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် အလှူငွေများ ကုသိုလ်ပါဝင် လှူဒါန်းလိုပါက အဆိုပါ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်း ၊ ဖုန်း - ၀၉ - ၂၅၆၃၁၈၁၆၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)