ငဖဲ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် မိုးစပါးများကို ရပ်ကွက်/ကျေးရွာများတွင် ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ တစ်ဧကအထွက်နှုန်း ပျမ်းမျှတင်း(၈၀)နှုန်းထွက်ရှိပြီး ဧရာမင်းစပါးတစ်တင်းလျှင် ငွေကျပ် ၁၂၀၀၀ နှုန်းဖြင့် ရောင်းချရကြောင်း သိရသည်။
လယ်မြေတစ်ဧကတွင် မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် လယ်ထွန်ခ၊ ပျိုးနှုတ်ခ၊ ကောက်စိုက်ငှားရမ်းခ၊ ပေါင်းနှုတ်ခနှင့် ဓါတ်မြေဩဇာ ဆေးဖိုးစရိတ်များကြီးမြင့်ပြီး ရိတ်သိမ်းခြွေလှေ့ရာတွင် ကောက်ရိတ်အငှားများ ရှားပါးခြင်းကြောင့် စက်ဖြင့်ရိတ်သိမ်းခြွေလှေ့ပါက လယ်တစ်ဧကလျှင်ရိတ်ခ တစ်သိန်းကျပ်၊ ရိတ်သိမ်းပြီး ခြွေလှေ့နေရာသို့ သယ်ဆောင်ခ တစ်ခေါက်လျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးရခြင်းတို့ကြောင့် စပါးစိုက်ပျိုးစရိတ်ကြီးမြင့်ပြီး အမြတ်အစွန်းကျန်ရှိမှုနည်းပါးကာ မိမိတို့မိသားစုဝမ်းစာအတွက်လောက်သာ ကျန်ရှိကြောင်းနှင့် ယခုမိုးစပါးတစ်တင်းလျှင် မျိုးကွဲအလိုက် ငွေကျပ်တစ်သောင်းမှ တစ်သောင်းနှစ်ထောင်အထိ ပေါက်ဈေး ရှိကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။
၂၀၂၂ ခုနှစ် မိုးစပါးများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေ၊ ရင်းရှည် ရေလှောင် တမံဆည်ရေ၊ ဆည်ငယ်၊ ကန်ငယ်နှင့် မိုးကောင်းသောက်ဧရိယာများတွင် မိုးစပါးသီးနှံ(၈၃၁၁)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ အမှန်စိုက်ပျိုးနိုင်ခဲ့သည့်ဧကမှာ (၉၀၅၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက် မနောသုခ (၃၅၃၅)ဧက၊ ဆင်းသုခ(၁၁၄၉)ဧက၊ ရတနာတိုး (၄၇၉)ဧက၊ ဧရာမင်း (၃၂၅၄)ဧက၊ ကောက်ညှင်း (၄၅)ဧကနှင့် တောင်ယာစပါး (၅၉၆)ဧကတို့ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရပြီး ဒေသခံတောင်သူများအနေဖြင့် မိုးစပါးများ ဆက်လက် ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)