ပွင့်ဖြူ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်လှကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသောအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ၊ ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများဖော်ဆောင်ရာ၌ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေ စာရင်းဇယားများကို စနစ်တကျမှတ်တမ်းပြုစုထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းအသင်းဝင်များထံမှ သတ္တမအကြိမ်ထုတ်ချေးပေးထားသည့် စီမံကိန်းရန်ပုံငွေများကို ပြန်လည်ကောက်ခံရယူပြီး အဋ္ဌမအကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် သူ ၇၈ ဦးကို ငွေကျပ် ၃၂ ဒသမ ၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၅ ဦးကို ငွေကျပ် ၁၃ ဒသမ ၅ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် (၁)သန်း ၊ စုစုပေါင်း စီမံကိန်းအသင်းသား ၊ အသင်းသူ ၁၂၅ ဦးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၄၇) သန်းကို အသင်းသားများလက်ဝယ်အရောက် နေ့ချင်းပြီး စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး