မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ (စတုတ္ထအပတ်) စုပေါင်းလမ်းလျှောက်ပွဲ ပြည်နယ်၀န်ကြီးချုပ်ပါ၀င်ဆင်နွဲ

မော်လမြိုင် ဒီဇင်ဘာ ၂၄

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသား အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ (စတုတ္ထအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊  ရပ်ကွက်နေပြည်သူများ  စုစုပေါင်းအင်အား (၁၃၀၀)ကျော်တို့မှ စုရပ်ဖြစ်သည့် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံမှ စတင်၍ ဗဟိုလမ်းမကြီးတစ်လျှောက်၊ သိပ္ပံလမ်းနှင့်ကမ်းနားလမ်းတစ်လျှောက်   စုပေါင်းလမ်းလျှောက်ပွဲ  တပျော်တပါးပါဝင်ဆင်နွှဲ ခဲ့ကြသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အများပြည်သူများသည် ကမ်းနားလမ်း ရေပေါ်အားကစားကွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယသိပ္ပံ လေ့ကျင့်ရေးကျောင်း(မော်လမြိုင်)တို့မှ အားကစားနည်းပြများက ဦးဆောင်သရုပ်ပြသပေးကြသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်မှုများနှင့် ကျန်းမာရေးအထောက်ကူပြု (Myanmar Fitness Dance) စုပေါင်း ကိုယ်လက်လှုပ်ရှားမှုများကို ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ လွယ်ကူလျှင်မြန်စွာ သွားလာဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ခရီးစဉ်ပြေးဆွဲမှုအနေဖြင့် ရန်ကုန် - ကော့သောင်း - မော်လမြိုင် - ရန်ကုန် ခရီးစဉ်နှင့် ရန်ကုန် -မော်လမြိုင် - ရန်ကုန် သီးသန့် ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ပုံမှန်ပြေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်လေဆိပ်သို့ ရောက်ရှိခဲ့ကြပြီး လေဆိပ်ပရိဝုဏ် သန့်ရှင်းသာယာ လှပရေးနှင့်လေယဉ်ပြေးလမ်းတစ်လျှောက် အန္တရာယ်ကင်းရှင်းစေရေးအတွက် ခြုံနွယ်မြက်ပေါင်းများခုတ်ထွင် ရှင်းလင်းခြင်းနှင့် မီးတားလမ်းဖောက် လုပ်ဆောင်ရွက်နေမှုအခြေအ‌နေတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)