ဘိုကလေး ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီမှ နွေစပါးစိုက် တောင်သူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲကို ယမန်နေ့နေ့လယ်ပိုင်း၌ ဘိုကလေးမြို့နယ်ရှိ ရွှေလီဓာတ်မြေဩဇာ သိုလှောင်ရုံတွင် ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဓာတ်မြေဩဇာ ပေးအပ်ပွဲသို့ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်လင်း၊ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အေးအေးခိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုးဦးနှင့် အဖွဲ့၊ နွေစပါး စိုက်တောင်သူများ တက်ရောက်ကြပြီး အခမ်းအနားတွင် ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်လင်းနှင့်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အေးအေးခိုင်တို့မှ အဖွင့်အမှာစကားနှင့် ဓာတ်မြေဩဇာ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် ဓာတ်မြေဩဇာများအား ပေးအပ်ရာတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစု ယူရီးယား ဓာတ်မြေဩဇာများအား တောင်သူများ အနေဖြင့် (၁)ဧကလျှင် (၂)သိန်းကျပ်နှုန်းဖြင့် ညီမျှသော သွင်းအားစုဓာတ်မြေဩဇာကို အတိုးမဲ့ထုတ်ပေးပြီး စပါးပေါ်ချိန်မှသာလျှင် ပေါက်ဈေးအတိုင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ပေးဆပ်ရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြွေးကျန်အားလုံး၏ (၂၅)ရာခိုင်နှုန်းကိုလည်း တပါတည်းပေးသွင်း ရမည် ဖြစ်ကြောင်းနှင့် ယခုအခါ ပထမအကြိမ်အဖြစ် လယ်ဧက(၁၅၅၆၅)ဧကအတွက် သွင်းအားစု ဓာတ်မြေဩဇာ များအား တောင်သူများကို မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီမှ စာချုပ်ချုပ်ဆို ထုတ်ပေးလျက်ရှိပြီး ၎င်းဓာတ်မြေဩဇာ ထုတ်ပေးမှုနှင့် ပတ်သတ်၍ အသိပညာပေးဆိုင်းဘုတ်များကိုလည်း မြို့နယ်တွင်းရှိ လူစည်ကားရာ အရပ်များ၌ လိုက်လံစိုက်ထူထားကြောင်းလည်း သိရသည်။
မိုးစက်(ဘိုကလေး)