ဖြူးမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဖြူး   ဒီဇင်ဘာ  ၂၃

 ပဲခူးတိုင်း ဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း (၁၄) ရက်နေ့၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးကြိုတင်ညှိနှိုင်းခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ဆောင်ရွက်သွားမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားသည်။ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ​မြို့မိ၊မြို့ဖများက အကြံပြုညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။

အဆိုပါညှိနှိုင်းဆွေးနွေးချက်အရ ဖြူးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ဦးစွာလွတ်လပ်ရေးကျောက်တိုင်တွင် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော နိုင်ငံ့ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ လွတ်လပ်ရေးနေ့အကြို ယှဥ်ပြိုင်ခဲ့သော စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်း သူများအား ဆုချီးမြှင့်ခြင်းများကို အစီအစဥ်အတိုင်းဆောင်ရွက်သွား မည်ဖြစ်ပြီး စိန်ရတု လွတ်လပ်ရေးနေ့အထိမ်း အမှတ်ပျော်ပွဲရွှင်ပွဲများအနေဖြင့် မြို့နယ် အားကစားကွင်းတွင် အားကစားနည်းမျိုးစုံ ပြိုင်ပွဲများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)