အုတ်တွင်း ဒီဇင်ဘာ ၂၃
မေး။ဆရာတို့အနေနဲ့ ၅၀၀ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းကိုဘယ်လို စတင်အကောင်အထည် ဖော်ဖြစ်ခဲ့တာပါလဲ။
ဖြေ။မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊အထူးသဖြင့်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို လျှပ်စစ်ဓာတ်အားသုံးစွဲမှုများတဲ့ ရန်ကုန်မြို့နှင့်တကွမြန်မာနိုင်ငံတောင်ပိုင်းကို ပို့လွှတ်ဖြန့်ဖြူးဖို့ ၅၀၀ကေဗွီဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃-၂၀၁၄ခုနှစ်လောက်ကစပြီး အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါတယ်။ယခင်ကတော့ ၂၃၀ကေဗွီ၊၁၃၂ကေဗွီ ဓာတ်အား လိုင်းတွေနဲ့ ပို့လွှတ်ဖြန့်ဖြူးခဲ့ပေမဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှစ်စဉ် တိုးတက်များပြားလာတဲ့ အတွက်၂၃၀ ကေဗွီဓာတ်အားလိုင်းတွေနဲ့ ဓာတ်အားပို့လွှတ်ရာမှာ ဒီဓာတ်အားလိုင်းတွေဟာ ဝန်အားနိုင်နင်းမှုမရှိတော့တဲ့အတွက်ကြောင့် ၅၀၀ကေဗွီဓာတ်အား လိုင်းနဲ့ခွဲရုံတွေကို အကောင်အထည်ဖော်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းတည်နေရာတွေကတော့ ကံကောင်း (မိတ္ထီလာ)မှာ ၅၀၀/၂၃၀ကေဗွီဓာတ်အားခွဲရုံတည်ဆောက်တယ်။ ဒီ၅၀၀ကေဗွီ ကံကောင်းခွဲရုံ ကနေစပါးကြွယ်(တောင်ငူ)အထိ ၅၀၀ကေဗွီဓာတ်အားလိုင်း (၁၄၆)မိုင်တည်ဆောက်သလို စပါး ကြွယ်မှာ၅၀၀/၂၃၀ကေဗွီဓာတ်အားခွဲရုံစီမံကိန်းတည်ဆောက်အကောင်အထည်ဖော်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ကံကောင်းဓာတ်အားခွဲရုံကနေစပါးကြွယ်ခွဲရုံအထိ ၅၀၀ကေဗွီဓာတ်အားလိုင်း တည် ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ယခုတည်ဆောက်ပြီးစီးသွားတဲ့ ၅၀၀ကေဗွီဓာတ်အား လိုင်းကို လက်ရှိနိုင်ငံတော်ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ဖို့အတွက် မိတ္ထီလာအနီးမှာရှိတဲ့ ၂၃၀ ကေဗွီ သပြေဝ ဓာတ်အားခွဲရုံနဲ့ ၅၀၀ကေဗွီ ကံကောင်းဓာတ်အားခွဲရုံကို ၂၃၀ကေဗွီဓာတ်အား လိုင်း တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။
ထို့အတူ တောင်ငူဘက်မှာလည်း ၅၀၀ကေဗွီ စပါးကြွယ်ဓာတ်အားခွဲရုံနဲ့ ၂၃၀ ကေဗွီ တောင်ငူ ဓာတ်အားခွဲရုံ တွေကိုချိတ်ဆက်ဖို့အတွက် ၂၃၀ကေဗွီဓာတ်အားလိုင်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့က မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ရေအားလျှပ်စစ် စက်ရုံတွေ၊အထူးသဖြင့် ရွှေလီ၊ရဲရွာရေအားလျှပ်စစ်စက်ရုံတွေကထွက်လာတဲ့ ဓာတ်အားတွေကို မြန်မာနိုင်ငံတောင်ပိုင်းကို ပိုမိုလျင်မြန်စွာဓာတ်အားပို့လွှတ်နိုင်ရေးအတွက် ဒီစီမံကိန်းကိုအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
မေး။၂၃၀ကေဗွီဓာတ်အားကို ဘယ်တော့လောက်စပြီးပို့လွှတ်ပေးဖို့စီစဉ်ထားပါသလဲ။
ဖြေ။ဒီ ၂၃၀ကေဗွီဓာတ်အားကို မကြာမီပို့လွှတ်သွားမှာပါ။ ၂၃၀ကေဗွီ သပြေဝဓာတ်အားခွဲရုံကနေကံကောင်းဓာတ်အားခွဲရုံ၊ကံကောင်းမှတစ်ဆင့် စပါးကြွယ်၊စပါးကြွယ်မှတစ်ဆင့်တောင်ငူအထိ ၂၃၀ကေဗွီ ပို့လွှတ်သွားမှာပါ။၅၀၀ကေဗွီဓာတ်အားခွဲရုံတွေကို၂၀၂၃-၂၀၂၄ခုနှစ်မှာပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ဒီ၅၀၀ကေဗွီဓာတ်အားခွဲရုံတွေပြီးရင်တော့ ကံကောင်းကနေ စပါးကြွယ်အထိ ၅၀၀ကေဗွီဓာတ် အားပို့လွှတ်သွားမှာပါ၊ တောင်ငူကို ၂၃၀ကေဗွီနဲ့ဆက်လက်ဖြန့်ဖြူးမှာပါ၊ ၂၀၂၃-၂၀၂၄ ဘတ်ဂျက်မှာ ၅၀၀ကေဗွီ ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ဖို့စီမံချက်ချ ဆောင်ရွက်နေ ပါတယ်။
မေး။၅၀၀ကေဗွီဓာတ်အားလိုင်းစီမံကိန်းနဲ့ပတ်သက်ပြီးဆောင်ရွက်ဖို့ကျန်ရှိနေတဲ့အပိုင်းလေးတွေလည်းသိချင်ပါတယ်။
ဖြေ။၅၀၀ကေဗွီဓာတ်အားလိုင်းစီမံကိန်းတွေက ယခုထိ ကံကောင်းမှစပါးကြွယ် ၅၀၀ကေဗွီ ဓာတ်အားလိုင်း ၁၄၆မိုင် တည်ဆောက်ပြီးစီးသွားပါပြီ။ ကံကောင်းကနေစပါးကြွယ်၊ စပါး ကြွယ် ဓာတ်အားခွဲရုံကနေ ဘုရားကြီးအထိဓာတ်အားလိုင်း ၁၀၈မိုင်တည်ဆောက်နေဆဲဖြစ်ပါတယ်။ ကြိုးတွေဆွဲနေပါပြီ။ ၂၀၂၃မှာပြီးစီးအောင်ဆောင်ရွက်နေပါတယ်။ ဘုရားကြီးမှာ၅၀၀ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံနဲ့ ရန်ကုန်၊လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်အနီး ၅၀၀ကေဗွီ ဓာတ်အား ခွဲရုံတစ်ရုံတည်ဆောက်ရန် စီမံကိန်းစတင် ဆောင်ရွက်နေပါတယ်။ဘုရားကြီးမှ ရန်ကုန်၊ လှိုင်သာယာအထိ မိုင် ၆၀ရှိပြီး ဒီစီမံကိန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်မှာ ပြီးစီးအောင် ရည်မှန်းချက် ထားတည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ စပါးကြွယ်-ဘုရားကြီး-လှိုင်သာယာအထိ အားလုံးတည်ဆောက်ပြီးသွားရင် ကံကောင်း(မိတ္ထီလာ)ကတစ်ဆင့် ရန်ကုန် အထိတိုက်ရိုက် ၅၀၀ကေဗွီဓာတ်အားပို့လွှတ်ပြီး ဗို့အားပြည့်မီစွာ ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် interconnection လိုင်းတွေတည်ဆောက်ပြီး သက်ဆိုင်ရာပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ၅၀၀ကေဗွီဓာတ်အားခွဲရုံတွေမှ ဖြန့်ဖြူးဓာတ်အားပေးပို့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံအထက်ပိုင်းမှာရှိတဲ့ ဓာတ် အားပေး စက်ရုံတွေ၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ဆိုလာစီမံကိန်းတွေဆီက ထွက်ရှိလာတဲ့ ဓာတ်အားတွေကို ရန်ကုန်မြို့နှင့်တကွ မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ပြည်သူတွေဆီ လျှပ်စစ်မီးလုံလုံလောက်လောက် ပေးသွားနိုင်မှာဖြစ်ပါတယ်။ ဓာတ်အားလိုင်းစီမံ ကိန်းတွေ၊ ဓာတ်အားခွဲရုံ စီမံကိန်းတွေအားလုံးပြီးစီးသွားပြီဆိုရင် ဓာတ်အားထုတ်လုပ်ပေးသမျှကို ဓာတ်အားပို့လွှတ်ရေး စီမံကိန်းဌာနအနေနဲ့ ဓာတ်အားလိုင်းကြီးများမှတစ်ဆင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။
မေး။ဒီစီမံကိန်းနဲ့ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးကရော ဘယ်လိုများလမ်းညွှန်မှာကြားထား ပါသလဲခင်ဗျ။
ဖြေ။ပြည်ထောင်စုဝန်ကြီးက စပါးကြွယ်မှတောင်ငူဓာတ်အားခွဲရုံသို့ ဓာတ်အားလိုင်းချိတ်ဆက် ဆောင်ရွက်နေတာကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ လုပ်ငန်းကိုကြည့်ရှုစစ်ဆေးရင်း လုပ်ငန်းဆောင်ရွက်နေတဲ့ လျှပ်စစ်အရာထမ်း၊အမှုထမ်းဝန်ထမ်း၊ ကျွမ်းကျင်လုပ်သား များ အားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့လုပ်ငန်းကို အောင်မြင်အောင်အလေးထားဆောင်ရွက်ရန် နှင့်ပြည်သူများ လျှပ်စစ်မီးပြည့်ဝစွာရရှိရေးအလုပ်များကို ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။
မေး။ဒီစီမံကိန်းရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး တခြားပြင်ပကုမ္ပဏီတွေနဲ့ပူးပေါင်း ဆောင်ရွက်မှု အခြေအနေလေးပြောပြပေးပါ။
ဖြေ။၅၀၀ကေဗွီဓာတ်အားလိုင်းပစ္စည်း တာဝါတိုင်တွေ၊ကြိုးတွေကို ဆားဘီးယားချေးငွေဖြင့် ၂၀၁၃-၂၀၁၄ကစပြီးဝယ်ယူစုဆောင်းထားတာပါ၊ ၂၀၁၄မှာ နိုင်ငံတော်Budgetနဲ့ ကြိုးဆွဲလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ၅၀၀ကေဗွီဓာတ်အားလိုင်း Foundation လုပ်ငန်းတွေ၊ တိုင်ဆင်လုပ်ငန်းတွေကို ပြင်ပကုမ္ပဏီအဖွဲ့ ၁၀ဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ ကြိုးဆွဲလုပ်ငန်းကို ဌာနတွင်းကျွမ်းကျင်လုပ်သားနဲ့နိုင်ငံတွင်း ပြင်ပကျွမ်းကျင် လုပ်သားအင်အား ၅၀၀ခန့်နဲ့၅၀၀ကေဗွီဓာတ်အား လိုင်းစီမံကိန်းကို တည်ဆောက်အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃၀ရက်မှာအားလုံး ပြီးသွားပါပြီ။ ယခု ဆက်လက် ဆောင်ရွက် နေတာက Interconnection ပိုင်းပါ။မကြာမီ သပြေဝမှ တောင်ငူအထိတိုက်ရိုက် မီးပေးလွှတ်၍ ရပါပြီ၊ အရင်ကဖြစ်ပေါ်နေတဲ့ ဝန်အားမမျှတမှုမှကင်းဝေးပြီး ပြည်သူတွေအတွက်များစွာ အထောက်အကူပြုပေးသွားမှာဖြစ်ပါတယ်။
မေး။ယခုတည်ဆောက်နေတဲ့စီမံကိန်းပြီးသွားပြီဆိုရင် ပြည်သူတွေအတွက် လျှပ်စစ်သုံးစွဲမှုကဘယ်လောက်အတိုင်းအတာအထိအကျိုးရှိသွားနိုင်မလဲ။
ဖြေ။ ဟုတ်ကဲ့၊ဒီဓာတ်အားလိုင်းကြီးပြီးစီးသွားတဲ့အတွက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်ရှိပြင်ဆင်ပြီး၊ တည်ဆောက်ပြီးဖြစ်တဲ့ ရွှေလီဓာတ်အားပေးစက်ရုံကလျှပ်စစ်ဓာတ်အားတွေ၊ ရဲရွာ စက်ရုံကလျှပ်စစ်ဓာတ်အားတွေအပြင် နောက်ထပ်တည်ဆောက်မယ့် စီမံကိန်းတွေရှိပါတယ်။ အထက်ရဲရွာလို စီမံကိန်းတွေ၊ အခြားရေအားလျှပ်စစ်စီမံကိန်းတွေလည်းရှိပါတယ်။ နောက်ပြီး သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံစီမံကိန်းတွေလည်းရှိပါတယ်။ ခအဲ့ဒီကထွက်လာတဲ့ ဓာတ်အားတွေကို ၂၃၀ကေဗွီ သပြေဝဓာတ်အားးခွဲရုံကတစ်ဆင့် ၅၀၀ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံကိုပို့လွှတ်မှာဖြစ်ပါတယ်။ထို့အတူ တချို့ ကံကောင်းဓာတ်အားအနီးမှာ ဆိုလာနဲ့ plant တွေ ဓာတ်အားပေးဆက်နေတဲ့ တည်ဆောက်မှုမှာပါတဲ့စီမံချက်တွေရှိပါတယ်။ အဲ့ဒီဓာတ် အားတွေကလည်း ကံကောင်းဓာတ်အားခွဲရုံကို ရောက်ရှိလာမှာဖြစ်ပြီး ကံကောင်း ဓာတ်အားခွဲရုံ ကြီးပြီးစီးသွားရင်တော့ အဲ့ဒီကတစ်ဆင့် မြန်မာနိုင်ငံတောင်ပိုင်း တောင်ငူကို ၅၀၀ကေဗွီ ဓာတ်အားလိုင်းနဲ့ ပို့လွှတ်နိုင်မှာဖြစ်ပါတယ်။ ၅၀၀ကေဗွီနဲ့ ကံကောင်းကနေ တောင်ငူ-စပါး ကြွယ် ကိုရောက်မယ်။တောင်ငူ-စပါးကြွယ်မှာလည်း ၅၀၀ကေဗွီ၊၂၃၀ကေဗွီ ဓာတ်အားခွဲရုံကြီး ထိုင်ထား တယ်။ကံကောင်းမှာလည်း ၅၀၀ကေဗွီ၊၂၃၀ကေဗွီဓာတ်အားခွဲရုံထိုင်တယ်။ပြီးတော့မှ ၂၃၀ကေဗွီ မှ ၅၀၀ကေဗွီကိုမြှင့်မယ်။၅၀၀ကေဗွီနဲ့စပါးကြွယ်ကိုဓာတ်အားပို့မယ်။ စပါးကြွယ်မှတစ်ဆင့်၅၀၀ ကေဗွီမှ ၂၃၀ကေဗွီကို Transformerအနေနဲ့ Voltage ချပြီး တောင်ငူကိုချိတ်ဆက်ထားတာပေါ့။ ၅၀၀ကေဗွီခွဲရုံကြီးတွေပြီးသွားမယ်ဆိုရင်တော့ ၅၀၀ကေဗွီဓာတ်အားလိုင်းပို့မှာပါ။ ဒါပေမဲ့၂၃၀ ကေဗွီ ဓာတ်အားလိုင်းတော့ပြီးသွားပြီ။၅၀၀ကေဗွီ ဓာတ်အားခွဲရုံတွေကမပြီးသေးဘူး။ လက်ရှိ တည်ဆောက်ဆဲ ဖြစ်တဲ့အတွက် ဒါကို အကျိုးရှိရှိအသုံးချဖို့ လောလောဆယ်တော့ ၂၃၀ ကေဗွီဓာတ်အားကို သပြေဝခွဲရုံကနေ တောင်ငူအထိ တိုက်ရိုက်ပို့လွှတ်သွားမှာဖြစ်ပါတယ်။ အဲ့လိုပို့လွှတ်လိုက်တဲ့အတွက် ဘယ်လိုအကျိုး ရလဒ်တွေဖြစ်လာလဲဆိုတော့ ယခင်တုန်းက မြန်မာနိုင်ငံတောင်ပိုင်းကိုပို့လွှတ်နေတာက ၂၃၀ကေဗွီသပြေဝဓာတ်အားခွဲရုံကနေ တောင်တွင်း ကြီးဓာတ်အားခွဲရုံကိုတစ်လိုင်းပို့တယ်။ တောင်တွင်းကြီးမှ ရွှေတောင်၊မြောင်းတကာ မှတစ်ဆင့် ရန်ကုန်ကိုဝန်အားစီးဆင်းပါတယ်။ နောက်တစ်ခုကတော့ သပြေဝကတစ်ဆင့် သာစည်၊ရွှေမြို့၊ ပျဉ်းမနား၊ သဲဖြူကတစ်ဆင့် တောင်ငူကိုရောက်လာတာပေါ့။ မြန်မာနိုင်ငံတောင်ပိုင်းမှာက ဝန်အားသုံးစွဲမှုများတဲ့အခါ သုံးစွဲတဲ့လိုင်းတွေမှာဝန်အားမမျှဖြစ်တာပေါ့။အဲ့ဒီအခါ ဝန်အားကို ထိန်းညှိပြီးတော့ပို့လွှတ်ရတယ်။ပို့လွှတ်သမျှဓာတ်အားကို မပို့ပေးနိုင်ဘူးပေါ့။ဒါကြောင့် ၅၀၀ ကေဗွီဓာတ်အားလိုင်းကို မဖြစ်မနေအကောင်အထည်ဖော်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ ဒီဓာတ်အားလိုင်းပြီးသွားတဲ့အတွက် ဓာတ်အားတွေပြည့်ပြည့်ဝဝရရှိလာမယ်ဆိုရင် ဒီဓာတ်အား လိုင်းမှာ Limitationပေါ့။ကန့်သတ်ချက်တွေမရှိတော့ဘဲနဲ့ ဓာတ်အားရှိသမျှ မြန်မာနိုင်ငံ တောင်ပိုင်းကို ပို့လွှတ်သွားနိုင်မှာဖြစ်ပါတယ်။ ရေအားစက်ရုံတွေ၊ဓာတ်အားစက်ရုံတွေထပ်တိုးပြီး ထုတ်နိုင်ရင် ဓာတ်အား လိုင်းတွေကလည်း အလွယ်တကူပို့လွှတ်ဖြန့်ဖြူးပေးနိုင်မှာဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေအတွက် အများကြီးအကျိုးရှိစေပါတယ်။ဒါ့အပြင် ဓာတ်အားလိုင်း ကြီးပြီးသွားတဲ့အတွက် ဓာတ်အားလေလွင့် ဆုံးရှုံးမှုလည်းလျော့နည်းသက်သာသွားမှာ ဖြစ်ပါ တယ်။ကျွန်တော်တို့က မလိုအပ်ဘဲနဲ့ ဓာတ်အား လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်နေတာကို လျှော့ချနိုင်မယ်၊ တစ်ဖက်တစ်လမ်းက နိုင်ငံ့ဘဏ္ဍာငွေလေလွင့် ဆုံးရှုံးမှုတွေကို လျော့နည်းစေပြီးဓာတ်အား လေလွင့်မှုကြောင့်ဖြစ်ပေါ်တာတွေလျော့သွားရင် မဂ္ဂါဝပ်တွေတိုးလာမယ်၊ဒါဆိုရင် ပြည်သူတွေ အတွက် ဓာတ်အားတွေပိုမိုဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ဒီဓာတ်အားလိုင်းကြီး ပြီးသွားရင် ကျွန်တော်တို့ပြည်သူတွေအတွက် အများကြီးအကျိုးရှိစေပါတယ်၊ အထောက်အကူဖြစ်စေ ပါတယ်။
ယခုအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၃၀ကေဗွီ စပါးကြွယ် -တောင်ငူဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးပါကလျှပ်စစ်ဓာတ်အားများကို တောင်ငူခွဲရုံမှတစ်ဆင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်သဖြင့်ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ဖြန့်ဖြူးပေး သွားနိုင်တော့မည်ဖြစ်သည်။ မကြာမီ ၅၀၀ကေဗွီလိုင်းဖြင့် ၂၃၀ကေဗွီဓာတ်အားစတင်ပို့လွှတ်နိုင်တော့မည်ဖြစ်ပြီး၂၀၂၃၂၀၂၄ခုနှစ်တွင် ၅၀၀ကေဗွီဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေးစီမံချက်ချ၍ဆောင်ရွက်နေပါကြောင်းရေးသားဖော်ပြပေးလိုက်ပါသည်။
အေမင်းရည်စော(ပြန်/ဆက်)