မုဒုံ ဒီဇင်ဘာ ၂၃
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ တစ်မျိုးသားလုံး၏ သိက္ခာဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးကို အသွင်သဏ္ဍာန် အမျိုးမျိုးစီမံဆောင်ရွက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း မွန်ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ပြည်သူလူထုဆန္ဒနှင့်အညီ ကဏ္ဍပေါင်းစုံတွန်းအားပေး ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ အထူးအားဖြင့် အားကစားကဏ္ဍမှာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု ပြည်နယ်အားကစားနှင့် ကာယ ပညာကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစားနည်း အလိုက် ဆပ်ကော်မတီဝင်များမှ ပူးပေါင်းလုပ်ဆောင် အကောင်အထည်ဖော်ပေးနေလျက်ရှိကြောင်း ၊၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲကို (၇၅)နှစ်မြောက် စိန်ရတုလွတ် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ လှေလှော်အားကစားနည်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေရန်၊ ရိုးရာအားကစားကို တန်ဖိုးထားမြတ်နိုးတတ်စေရန်၊ ထူးချွန်ပြီး အရည်အချင်း ပြည့်ဝသည့် လှေလှော် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ကျောင်းသားလူငယ်မောင်မယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးနှင့် စပ်လျဉ်း၍ ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် ပြန်လည်သက်ဝင်လှုပ်ရှားလာနိုင်စေရန်နှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မွန်ပြည်နယ်အတွင်း အားကစား ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ မြို့နယ် (၁၀) မြို့နယ်လုံးမှ လှေလှော်အသင်း (၁၀) သင်းတို့က အားတက်သရော စိတ်အားထက်တန်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အတွက် များစွာ အားရဝမ်းသာမိကြောင်းနှင့် လှေလှော်အားကစားသမားများအနေဖြင့်လည်း မိမိတို့၏ မြို့နယ်ဂုဏ်မြှင့်တင်နိုင်အောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပြိုင်ပွဲစတင်နိုင်ရန်အတွက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပထမပွဲစဉ်အဖြစ် ကျိုက်မရောမြို့နယ် လှေလှော်အသင်းနှင့် သံဖြူဇရပ်မြို့နယ် လှေလှော်အသင်းတို့က စတင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲကို နှစ်ရက်ကြာဖြင့် မြို့နယ်ကိုယ်စားပြု လှေလှော်အသင်း (၁၀) သင်းတို့က ပါဝင်ယှဉ်ပြိုင်လှော်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)