သထုံမြို့နယ်၌ ၈၅ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အကျဉ်းချုံ့၍ကျင်းပ

သထုံ ဒီဇင်ဘာ ၂၂

ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ ကျရောက်သည့် ၈၅ နှစ်မြောက် ကရင်နှစ်သစ်ကူး‌ပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ သာသနာ့ဝုဒ္ဓိကျောင်းတိုက်၌ ယနေ့၊ နံနက်က မြို့နယ်အဆင့်အနေဖြင့် အကျဉ်းချုံ့၍ ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပခြင်းမှာ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ပြီး လူငယ်တွေအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်ပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိမ်းသိမ်းသွားစေလိုကြောင်း သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နှစ်သစ်ကူးပွဲ‌တော်ကျင်းပရာတွင် နံနက်အာရုဏ်တက်အချိန်၌ တက်ရောက်လာကြသည့် တိုင်းရင်းသားများက ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

သထုံမြို့နယ်တွင် ကရင်တိုင်းသား စုစုပေါင်း ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး မြိုနယ်အဆင့် ရိုးရာနှစ်သစ်ကူးပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့တွင် အလှည့်ကျနှစ်စဉ်ပြုလုပ်ခဲ့‌ကြောင်း ယခင်နှစ်များတွင် သက်ကြီးပူဇော်ပွဲ၊ ဒုံးယိမ်းပြိုင်ပွဲများ၊ တိုင်းရင်းသူအလှမယ် ရွေးချယ်ခြင်း၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေပွဲများ၊ ပြခန်းများနှင့် စတုဒီသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

နဒီ(ပြန်/ဆက်)