အထက်မင်းလှ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီ က မြောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက အခြေခံပညာကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေကြတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ သဘာဝဘေး အန္တရာယ် (ငလျင်ဘေး)နှင့် ရင်ဆိုင်ကြုံတွေ့လာတဲ့ အခါမှာထိခိုက်ပျက်စီးမှု၊ အနည်းဆုံးဖြစ် စေရန်၊ မိမိကိုယ်ကိုယ်မထိခိုက်အောင် ကာကွယ်တတ်စေရန်၊ ဘေးအန္တရာယ် အမျိုးအစား အလိုက် ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်/ရှောင်ရန် အချက်အလက်တွေကို သိရှိစေရန်၊ အရေးပေါ်ကာကွယ်တဲ့နည်းလမ်းဖြစ်တဲ့ ဝပ်၊ ကာ၊ ကိုင် ပုံစံတွေ အန္တရာယ်ကို ရှောင်တိမ်းတဲ့ နည်းလမ်းတွေ၊ အန္တရာယ်ရှိ အဆောက်အဦကနေ ဘေးလွတ်တဲ့နေရာကို အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ရှောင်တိမ်းတတ်စေရန် ငလျင်ဘေးအန္တရာယ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိသဇင်လှိုင်က မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခဲ့ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း(Mask)များ၊ ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးခေါင်ရေရှားဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးစသည့် အသိပညာပေး လက်ကမ်းစောင်များနှင့် ဘောပင်များ ဖြန့်ဝေပေးခဲ့ပြီး မြောက်ရပ်အခြေခံပညာ အလယ်တန်းကျောင်းအတွက် ငလျင်ဘေးအန္တရာယ် အသိပညာပေး ဗီနိုင်းအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ထွန်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)