ရေတာရှည် ဒီဇင်ဘာ ၂၁
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဆွာမြို့၊ မြို့လှမြို့၊ ရေနီမြို့များရှိ တိုက်နယ်ဆေးရုံတို့တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ကစတင်၍ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအား အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်တို့က ရင်းနှီးစွာ ကြည့်ရှုအားပေးခဲ့ပြီး ကယ်လ်ဆမ်ကွေကာများ မေတ္တာလက်ဆောင်ပေးအပ်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုလက်လှမ်းမီပြီး ကျန်းမာရေးအဆင့် တိုးတက်မြင့်မားစေရန်၊ ရောဂါဖြစ်ပွားမှုရှိပါက စောစီးစွာရှာဖွေတွေ့ရှိပြီး အချိန်မီကုသနိုင်သည့်အတွက် နောက် ဆက်တွဲ ဆိုးကျိုးဖြစ်ပေါ်မှုမရှိစေရန်၊ ဆောင်ရန်ရှောင်ရန်များ သိရှိနားလည်ပြီး သက်တမ်းစေ့ နေထိုင်သွားစေရန်၊ ပြည်သူ့ဆေးရုံမှ လိုအပ်သော ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည့်အတွက် မိမိတို့အိတ်ထဲရှိ စိုက်ထုတ်သုံးစွဲရသော ငွေကြေးကုန်ကျမှုများ သက်သာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း လက်တလောအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် လစာလာထုတ်ချိန်နှင့် တိုက်၍ လစဉ် (၂၁ )ရက်နေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘဏ်ပိတ်ရက်ဖြင့် တိုက်ဆိုင်ပါက အနီးစပ်ဆုံး ရုံးပိတ်ရက်သို့ ရွှေ့ပြောင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)