ဇီးကုန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် " ဇီးကုန်းမြို့နယ်အနေနဲ့ နှစ်စဉ်အောင်ချက်မြင့်မားလျက်ရှိ၍ တိုင်းအဆင့် အောင်ချက်အဆင့် တစ်တွင်ရှိပြီး အစဉ်အလာကောင်းကို ဆက်လက်ဆောင်ရွက်ကြရန်၊ ကိုယ်ပိုင်အထက်တန်းကျောင်း များကလည်း မိမိတို့၏အစီအစဉ်အတိုင်း အောင်ချက်မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများ၏ ပညာရေးနှင့်ပတ်သက်၍ လိုအပ်ချက်၊ ဆရာ ဆရာမများ၏ သင်ကြားရေးအပိုင်းနှင့် လိုအပ်ချက်များကို မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီအနေနှင့် ဝိုင်းဝန်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးလုပ်ငန်းဆိုင်ရာ စီစဉ် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက မိမိတို့ ကျောင်းများမှ ယခင်နှစ်က အောင်ချက်အခြေအနေများနှင့် လက်ရှိစီမံဆောင်ရွက်သင်ကြားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက်ပြင်ပဖြေ ကျောင်းသားများအတွက် အချိန်ပိုင်းသင်ကြားနိုင်ရေး အစီအစဉ်များကို ဆက်လက်ဆွေးခဲ့ကြပြီး၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)