မဲစာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့်

ပုသိမ် ဒီဇင်ဘာ ၂၁

မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ အခြေခံလူဦးရေ စာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများတက်ရောက်ခဲ့ကြသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲကျင်းပသည့်အခါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မြေပြင်စာရင်းအသေးစိတ် ကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ပိုမိုတိကျမှန်ကန်စေရေး ဂရုပြုဆောင်ရွက်ရန် လိုပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ မရှင်းလင်း၊ မသဲကွဲသည့် အချက်အလက်များအား ရှင်းလင်းစွာသိရှိနားလည်စေရေး ဆွေးနွေးကြစေလိုကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းမှန်ကန်ပါမှ မဲစာရင်းမှန်ကန်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းရှိ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုကြီးကြပ်မှုကော်မတီ အဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) များကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အခြေခံလူဦးရေစာရင်း မှန်ကန်ရေးအတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ စနစ်တကျကြီးကြပ်ဆောင်ရွက်၍ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနပုဂ္ဂိုလ်များက  အလေးအနက်ထားပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းအား cross check ပြုလုပ်ထားရှိမှု အခြေအနေကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနအသီးသီးမှ တာဝန်ခံအရာရှိများက အထွေထွေဆွေးနွေးခဲ့ကြသည်။ ထို့နောက်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားဆက်လက် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ “စာရင်းကောက်ယူရာတွင် စနစ်ကျသည့် စာရင်းရေးသွင်းမှုဖြစ်ရန်လိုပါကြောင်း၊ အခြေခံလူဦးရေစာရင်းမှန်ကန်မှ မဲဆန္ဒရှင်စာရင်းများလည်း မှန်ကန်မှာဖြစ်ပါကြောင်း၊ ကောက်ယူထားသည့် စာရင်းစာရွက်စာတမ်းများအား စနစ်တကျထိန်းသိမ်းရန်လည်း လိုပါကြောင်း၊ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ရောက်အောင်သွား၍ ရအောင်ကောက်ယူရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသော အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင်  ဆောင်ရွက်ရန်လည်း လိုပါကြောင်း၊ ကောက်ယူထားသည့် စာရင်းအချက်အလက်များ မှန်ကန်မှုရှိ/မရှိကိုလည်း ပြန်လည်စစ်ဆေးရန်လိုပါကြောင်း၊ စာရင်းစတင်ကောက်ယူစဉ် အခါကပင် သေချာစိစစ် မှတ်တမ်းတင်ရေးသွင်းခြင်း၊ ပြန်လည်စိစစ်ခြင်း၊ ထိန်းသိမ်းခြင်းများကို အလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုသင်တန်းအား တက်ရောက်လာကြသည့် သင်တန်းနည်းပြများအနေဖြင့် မိမိတို့က မြို့နယ်များမှ နည်းပြများအဖြစ် စာရင်းကောက်များအား သင်တန်းပို့ချရာ၌ မြို့နယ်အဆင့် စာရင်းကောက်လက်စွဲစာစောင်၌ ဖေါ်ပြထားသည့် စာရင်းကောက်တွေ့ရဲ့ လုပ်ငန်းတာဝန်၊ မြေပြင်မှာ လက်တွေ့ ဆောင်ရွက်ရမည့်အချက်များကို နည်းပြများကိုယ်တိုင် သေသေချာချာ ကြေကြေညက်ညက် လေ့လာမှတ်သားပြီးစာရင်းကောက်များအား အသေးစိတ် ပြန်လည်ပို့ချပေးနိုင်ဖို့ လိုအပ်ပါကြောင်းနှင့်မြေပြင်၌ လက်တွေ့ဆောင်ရွက်သည့် စာရင်းကောက်များအနေဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရေးကြိုးစာကြရန” ပြောကြားသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူးက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပါဝါပွိုင့်ရှင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းအား ဆက်လက်ပြုလုပ်ခဲ့ပြီး သင်တန်းသား ၆၂ ဦးဖြင့် ဒီဇင်ဘာ(၂၀) ရက်နေ့မှ ဒီဇင်ဘာ(၂၁)ရက်နေ့အထိ (၂)ရက် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)