ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့သွားရောက်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) ကျောင်းသား၊ ကျောင်းသူများက“ မြကျွန်းညိုညို” သီချင်းဖြင့်အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာ" မောင်တို့မယ်တို့သည် အခြေခံပညာကိုထူးချွန်စွာအောင်မြင်ခဲ့ကြပြီး မိမိတို့ဝါသနာအလျှောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) ရွေးချယ်တက်ရောက်လာကြခြင်းဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာများကို လေ့လာသင်ယူကြရမည့် ကျောင်းသား၊ ကျောင်းသူများသည် ကိုယ်ပိုင်အတွေးအခေါ်များ၊ လေ့လာတီထွင်မှုများဖြင့် သင်ယူကြရမှာဖြစ်ပါကြောင်း၊ နည်းပညာခေတ်တွင် ကွန်ပျူတာများသည်မရှိမဖြစ် လိုအပ်သောအရာများဖြစ်ပြီး အစဉ်အဆက် တိုးတက်ပြောင်းလဲမှုများလည်းရှိနေမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီးမှ ကွန်ပျူတာနှင့်ပတ်သက်သည့် သုတေသနစာတမ်းများ၊ နည်းပညာနှင့် ကွန်ပျူတာသိပ္ပံနည်းပညာများ၌ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးပြီး တက္ကသိုလ်ဂုဏ်၊ တိုင်းဒေသကြီးဂုဏ်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘွဲ့ရ၊ ဘွဲ့လွန် ဆရာကြီး၊ ဆရာမကြီးဖြစ်လာစေရန်လည်း မျှော်မှန်းပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ရွေးချယ်ထားသည့် ပညာရေးလမ်းကြောင်းအား အောင်မြင်စွာဖြင့် နိုင်ငံနှင့်တိုင်းဒေသကြီးအတွက် အကျိုးပြုနိုင်သည့် ကျောင်းသား၊ ကျောင်းသူ ပညာတတ်ကြီးများဖြစ်ပါစေကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်များ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)