ပခုက္ကူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ အသက်သုံးနှစ်မှ ငါးနှစ်ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) အခြေခံ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်ကြားပို့ချပေးမည့်ဘာသာရပ်များ၊ သင်တန်းစည်းမျဉ်းစည်းကမ်းချက်များအကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နန္ဒာအောင်က သင်တန်းဆင်း အစီရင်ခံစာကိုလည်းကောင်း၊ ဆိပ်ဖြူမြို့နယ်၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ သင်တန်းသူ ဒေါ်အိအိသန့်က သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား၊ သင်တန်းသူ အကအဖွဲ့များက တေးသီချင်းများဖြင့် ပြန်လည်ကပြဖျော်ဖြေကြပြီး သင်တန်းကာလအတွင်း လက်တွေ့ဖန်တီးပြုလုပ်ခဲ့သည့် အသက်သုံးနှစ်မှ ငါးနှစ်ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပစ္စည်းများကို လိုက်လံကြည့်ရှု အားပေးကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံအတွင်းရှိ အသက်သုံးနှစ်မှငါးနှစ်အထိ ကလေးငယ်များအားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်လှုပ်ရှားခံစားမှုနှင့် ပေါင်းသင်းဆက်ဆံရေးတို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်၊ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအဆင့်နှင့် ကိုက်ညီသော ပြုစုစောင့်ရှောက်မှုများ ရရှိခြင်းဖြင့် ကလေးငယ်များ၏ ဘဝလုံခြုံမှုရရှိစေရန်၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေး လွှမ်းခြုံစေသောနည်းလမ်းကောင်းများကို မူလတန်းကြိုကျောင်းများမှတစ်ဆင့် ရပ်ရွာလူထုအတွင်း ထိရောက်စွာ ပျံ့နှံ့ရောက်ရှိစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် မှ၂၁ရက်နေ့အထိ သင်တန်းကာလ သုံးပတ်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ရာ ပခုက္ကူ၊ရေစကြိုနှင့်ဆိပ်ဖြူမြို့နယ်တို့မှ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်း(၂)ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၈)ကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)