ငဖဲမြို့နယ် ပြည်သူ့ဆေးရုံရှိ အောက်စီဂျင်စက်ရုံမှ တစ်နေ့လျှင် အောက်စီဂျင် ၄၀ လီတာအိုးအလုံး ၂၀ ထုတ်လုပ်ပေး

ငဖဲ  ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာများနှင့် အရေးကြီးလူနာများ အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဓိကပံ့ပိုးကူညီမှုနှင့်ပြည်သူထည့်ဝင်ငွေတို့ဖြင့် အောက်စီဂျင်စက်ရုံကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်အရ တစ်နေ့လျှင် အောက်စီဂျင် ၄၀ လီတာအိုး အလုံး ၂၀ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်စီဂျင်စက်ရုံကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဓိကပံ့ပိုးကူညီမှုနှင့် ပြည်သူထည့်ဝင်ငွေစုစုပေါင်းကုန်ကျငွေကျပ် ၂၂၂ သိန်း ၈ သောင်းကျော်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အလျား ၄၅ ပေ၊ အနံ ၁၅ ပေ အကျယ်အဝန်းရှိအဆောက်အဦနှင့် (160 kVA) Transformer (၁)လုံးဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး စက်ရုံလည်ပတ်ခဲ့ကြောင်း၊ ယခင် ၂၀၂၁ ခုနှစ်က အောက်စီဂျင်လုံလောက်မှုမရှိခဲ့ကာ ကိုဗစ်လူနာများအတွက် အောက်စီဂျင်လိုအပ်၍ ပေါက်မြို့နယ်အထိ သွားရောက်သယ်ဆောင်၍ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရကြောင်း ယခုအခါတွင် ဆေးရုံ၊ ဆေးခန်း၊ ပရဟိတအလှူရှင်များသို့ အောက်စီဂျင်ကို အခမဲ့လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်းနှင့် အခမဲ့ဖြန့်ဝေပေးနိုင်ပြီဖြစ်၍ ကျေးဇူးတင်ရှိပါကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအုန်းဝင်းက ပြောကြားသည်။

ငဖဲမြို့နယ်ပြည်သူ့ဆေးရုံသည် ၂၅ ကုတင်ဆံ့ဆေးရုံဖြစ်ပြီး အဆိုပါဆေးရုံရှိ အောက်စီဂျင်စက်ရုံမှ တစ်ရက်လျှင် အောက်စီဂျင် ၄၀ လီတာအိုး အလုံး ၂၀ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)