ဆိပ်ဖြူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ယောချောင်းသဲသောင်မြေတွင် ဆောင်းသီးနှံကြက်သွန်နီ စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးမြေခွဲဝေပေးခြင်းကို ယနေ့ နံနက်ကဆောင်ရွက်ပေးသည်။
ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီကို ဆောင်းသီးနှံအဖြစ် ကိုင်းမြေ၊ ကုန်းမြေနှင့် ချောင်းမြေများတွင် စိုက်ပျိုး ဆောင်ရွက်ကြပြီး ယောချောင်းတလျောက်ကျေးရွာများမှ ဒေသခံပြည်သူများသည် ယောချောင်းအတွင်း၌ ကြက်သွန်နီနှင့်သီးညှပ်ပဲမျိုးစုံစိုက်ပျိုးဆောင်ရွက်ကြကြောင်း၊ ယောချောင်းအတွင်း စိုက်ပျိုးမြေကို မိုးတွင်းကာလအပြီးချောင်းရေပုံမှန် စီးဆင်းသည့်အချိန်တွင်စိုက်ပျိုးနိုင်သည့် သဲသောင်မြေကို ဒေသခံတောင်သူများစိုက်ပျိုးနိုင်ရန် ရပ်ကွက်မြေယာစီမံခန့်ခွဲရေးကော်မတီနှင့် တောင်သူကိုယ်စားလှယ်များကကွင်းဆင်းတိုင်းတာ၍ သဲသောင်ပေါ်မြေအပေါ်မူတည်၍ ခွဲဝေချထား ပေးရကြောင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရန် မြို့ပေါ်သုံးရပ်ကွက်အတွက် သဲသောင် စိုက်ပျိုးမြေ (၁၅)ဧကခန့် တိုင်းတာရရှိခဲ့ပြီး မြို့ပေါ်သုံးရပ်ကွက်အိမ်ထောင်စုစာရင်းဝင် လှည်းရှိ၊နွားရှိ တောင်သူ (၇၂) ဦးကိုလည်းကောင်း၊ အခြားအိမ်ထောင်စုဝင် (၈၀) ဦး၊ စုစုပေါင်းတောင်သူ (၁၅၂) ဦးတို့ အတွက်ယောချောင်း ကြက်သွန်နီစိုက်ပျိုးမြေများ ခွဲဝေချထားပေးခဲ့နိုင်ခဲ့ကြောင်း၊ တောင်သူများအနေဖြင့်လည်း ခွဲဝေရရှိသော သဲသောင်မြေများကို စိုက်ပျိုးဆောင်ရွက်နိုင်ရန် မြေပြင်ဆောင်ရွက်ကြတော့မည်ဖြစ်ကြောင်း ဆောင်းကြက်သွန်နီစိုက်ပျိုးမည့် တောင်သူများနှင့် ရပ်ကွက်မြေယာ စီမံ ခန့်ခွဲရေးကော်မတီတို့ထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)