စလင်း ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် ဘဏ်မန်နေဂျာ ဒေါ်နီနီအောင်၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက စုပေါင်း၍ ပင်စင်ထုတ်လာသူ အသက်ကြီးပင်စင်စား အဘိုး၊ အဘွားများအား လ္ဘက်ရည်နှင့်မုန့်များ ကုသိုလ်ဒါန ပြုလုပ်ခြင်းဖြင့် ပင်စင်လစာများ ထုတ်ပေးလျက်ရှိရာ စလင်းမြို့နယ်တွင် ပင်စင်စားဦးရေ စုစုပေါင်း (၂၄၁၁)ဦးရှိပြီး နိုင်ငံရေးပင်စင်စား (၂၂၅)ဦး၊ စစ်တပ်ပင်စင်စား (၆၈၉)ဦး၊ မြို့ပြပင်စင်ဘဏ် ဝန်ထမ်းများ အပါအဝင်(၁၄၈၆)ဦးရှိကြောင်း သိရှိရသည်။
ယမန်နေ့က ပင်စင်ထုတ်ယူသူဦးရေ (၆၉၅) ဦးတို့အား နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီ အချိန်အထိ ထုတ်ပေးခဲ့ကြောင်းသိရသည်။ စလင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၁၀)ရှိ၍ လူဦးရေများပြားသဖြင့် အုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိရာ ပင်စင်စားများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ဒီဇင်ဘာ၂၁ ရက်နေ့မှ ၃၀ ရက်နေ့ ရုံးဖွင့်ရက်များတွင် ထုတ်ပေးမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ပင်စင်ထုတ်သူဦးရေ (၆၉၅)ဦး လာရောက်ထုတ်ယူလျက်ရှိသည်။
အငြိမ်းစား ပင်စင်အသက်ကြီးဘိုးဘွားများ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထုတ်ယူနိုင်သည့် ပင်စင်စားများကို ရပ်ကွက်ကျေးရွာများအရောက် ဘဏ်ဝန်ထမ်းများ၏ စေတနာဖြင့် သက်ကြီးဘိုးဘွားများ လူမှုရေး၊ ကျန်းမာရေး၊ ကုသိုလ်ရေးတို့တွင် အသုံးပြု နိုင်ကြစေရန် သွားရောက်၍ ယခင်လများက ထုတ်ပေးခဲ့ကြောင်းဖြင့် ကျန်ရှိနေသေးသည့် ပင်စင်စားများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဘဏ်နေဂျာ ဒေါ်နီနီအောင်ထံမှ သိရှိရသည်။
မြို့နယ်(ပြန/ဆက်)