ဂန့်ဂေါ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဌာနဆိုင်ရာရုံးများ၏ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၅ နှစ်အောက်ကလေးငယ်များကို လစဉ်ပုံမှန်ထိုးနှံပေးသည့် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးရန်နှင့် စာရင်းဇယားများပြုစု၍ တင်ပြရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီတာခများကို ပြည်သူများအနေဖြင့် ပေးဆောင်လာခြင်းများကို ယခင်ထက်တွေ့မြင်ရကြောင်းနှင့် ကျေးရွာပြည်သူများ လျှပ်စစ်မီတာခ လာရောက်ပေးဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နယ်မြေပြင်ပကို ခရီးသွားလာရန်လိုအပ်ပါက ခွင့်ကို ၁၀ ရက်ကြိုတင်ရန်လိုအပ်ကြောင်းနှင့် ခွင့်ပြုချက်ရမှာသာ ခရီးသွားလာကြရန်စသည့် အကြောင်းအရာများနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများက နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ပြီးစီးမှု အခြေအနေများ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး အခြေအနေများ၊ ဌာနအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)