ဟင်္သာတ ဒီဇင်ဘာ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အခြေခံမဲစာရင်းများ မှန်ကန်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဟင်္သာတခရိုင်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အမှာစကား ပြောကြားရာတွင် "အခြေခံစာရင်းများ မှန်ကန်ရေးအတွက် နိုင်(၄)မှတ်တမ်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို e-ID Software အတွင်း ရေးသွင်းဆောင်ရွက်ပြီး ယခုအခါ ကွင်းဆင်းကောက်ယူရေးအဖွဲ့ဝင်များက အခြေခံစာရင်းများကို မြေပြင်အထိ ကွင်းဆင်းကောက်ယူ၍ တိုက်ဆိုင်စစ်ဆေးကာ ရရှိလာသော အခြေခံစာရင်းများဖြင့် ဆောင်ရွက်သွားနိုင်ရေး" ပြောကြား ခဲ့သည်။
ဆက်လက်၍ ဟင်္သာတခရိုင်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ စာရင်းကောက် လက်စွဲစာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ၊ အထစ-ပုံစံ အလွတ်ရေးသွင်းခြင်း၊ ပုံစံများဖြန့်ဝေခြင်း၊ နေ့စဉ်စာရင်းနှင့် စာရင်းချုပ်ပြုစု၍ ပြန်လည်အပ်နှံခြင်း၊ မသန်စွမ်း(၅)မျိုး ကောက်ယူခြင်း၊ ပြောင်းဝင်/ပြောင်းထွက်နှင့် သေဆုံးသူများအား မှတ်ချက်ပေးပြီး Upgrade ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ ထွေအုပ်ဝန်ထမ်းများ၊ လဝကဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ