ပေါက်ခေါင်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အထက(အိုးဘိုကုန်း)ကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ပေါက်ခေါင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုနိုင်က ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိလာခြင်း သမိုင်း ကြောင်းများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့်မူးယစ်ဆေးဝါးအမျိုးအစားများ၊ ထိန်းချုပ်ဓာတုဆေးဝါးများ အကြောင်းကို ဗဟုတအဖြစ်ပြောကြားပြီး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးအေးလှိုင်က ကျောင်းသား၊ကျောင်းသူလူငယ်များအနေဖြင့် မူးယစ်ဆေးဝါး ကိုစူးစမ်းလိုစိတ်ဖြင့် သုံးစွဲခြင်းမပြုရန်နှင့် ဝေးဝေးမှရှောင်ရှားကြရန်ပြောကြားပြီး၊ အသိပညာပေးလာရောက်ဟောပြောပေးပါသော အဖွဲ့များအားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲအပြီးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)