စကုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်(အမျိုးသား) ဖူဆယ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

မင်းဘူး   ဒီဇင်ဘာ  ၂၁        

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်(အမျိုးသား) ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း  အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် စကုမြို့ အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသူများနှင့် ပြိုင်ပွဲဝင်အားကစားသများမှ နိုင်ငံတော်အလံအား အလေးပြုပြီး အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကာ မြို့အုပ်ချုပ်ရေးမှူးမှ လူငယ် (အမျိုးသား) ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းက အားကစားပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးအောင်ပြည့်ဖြိုးမှ ပြိုင်ပွဲဝင်အားကစားသမားများကို ဩဝါဒစကားပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်(အမျိုးသား) ဖူဆယ်ဘောလုံးအားကစားပြိုင်အား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စကုမြို့ No.1 ကိုယ်ပိုင် အထက်တန်း ကျောင်းမှကြီးမှူးပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂါတ် လူငယ်အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ပြိုင်ပွဲတွင် အဆိုပါကျောင်းမှ ကျောင်း သားများက ပြိုင်ပွဲဝင်အသင်းပေါင်း (၇)သင်းဖြင့် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)