ကသာ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသော သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စောကလျာနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းသား/ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဦးတည်ချက်များ၊ (ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးကိုကာကွယ်ပါ အမိနိုင်ငံတော်ကို ချစ်မြစ်နိုးပါဆောင်ပုဒ်၊ ပြည်ထောင်စုအမွေအမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့ဆောင်ပုဒ်များ၊ လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်ကဗျာနှင့် ကာတွန်းများ၊ ဆောင်ပုဒ်များပါရှိသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ဖြန့်ဝေခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ခိုင်မာသည့်အမျိုးသားရေးစိတ်ဓာတ်၊ စစ်မှန်သည့်ပြည်ထောင်စု စိတ်ဓာတ်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များဖြစ်ထွန်းစေရန်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး မှန်ကန်သောအတွေးအခေါ်၊ ကောင်းမွန်သောအကျင့်စာရိတ္တတို့ဖြင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ အဓိကဖြန့်ဝေရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ(ကသာ)