ပွင့်ဖြူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေး၌ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Steel Structure ဈေးရုံအဆောက်အအုံသစ် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း အဆိုပါမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးလင်းမင်းညွန့်၏ ပြောပြချက်အရ သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသူဈေးသားများ စနစ်တကျသန့်ရှင်းသပ်ရပ်စွာ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရန်အတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဌာန၏ခွင့်ပြု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅ သန်းဖြင့် ယခင်ဈေးရုံအမှတ်(၂)အဆောက်အအုံ အလျား ၁၃၆ ပေ ၊ အနံ ၂၂ ပေရှိ ဈေးရုံအဆောက်အအုံကို Steel Structure အမျိုးအစား ဈေးရုံအဆောက်အအုံအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းဖြစ်ကာ ဈေးရုံတည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ကြီးကြပ်မှုဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ယင်းအမှတ်(၂)ဈေးရုံအား Steel Structure အမျိုးအစား ဈေးရုံသစ်တည်ဆောက်နေမှုလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးတည်ဆောက်ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် Steel Structure ဈေးရုံသစ် ပြုပြင်တည်ဆောက်နေမှုနှင့်စပ်လျဉ်းပြီး ဈေးသူဈေးသားများ အဆင်ပြေစွာ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရေး ဈေးဆိုင်ခန်းပေါင်း ၂၈ ခန်း ထည့်သွင်းဆောက်လုပ်နေမှုအခြေအနေနှင့် ဈေးရုံဆောက်လုပ်နေစဉ်ကာလ ဈေးသူဈေးသားများ စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် ယာယီဈေးဆိုင်ခန်း သတ်မှတ်နေရာချထားပေးမှုအခြေအနေများ၊ ဈေးရုံပြုပြင်ခြင်းလုပ်ငန်းအား အမြန်ဆုံးတည်ဆောက်ပြီးစီးရေး ပစ္စည်းစုဆောင်းထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဈေးရုံသစ် ပြုပြင်တည်ဆောက်နေမှု လုပ်ငန်းနှင့်ပတ်သက်ပြီး ဈေးသူဈေးသားများ အဆင်ပြေစွာ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်နှင့် ရေရှည်တည်တံ့ကောင်းမွန်စေရန် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျတည်ဆောက်ပြုပြင်သွားရန်၊ လုပ်ငန်းခွင်အန္တရာယ်မဖြစ်အောင် ဂရုတစ်စိုက်လုပ်ကိုင်ကြရန်၊ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးတွင်းဈေးပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )