မင်းဘူး ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ခရမ်းချဉ်သီးဈေးတဖြည်းဖြည်း ကျဆင်းနေ၍ အတက်ဈေး မျှော်နေကြကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ် အတွင်းမှ စားဖိုဆောင် သီးနှံများအနက် ခရမ်းချဉ်သီးဈေးတဖြည်းဖြည်း ကျဆင်းနေပါတယ်။ ယခင်လများက ၉၀၀/၁၀၀၀ ဈေးမှ တက်လာကာ ၂၅၀၀ ဈေးလောက်အထိ တက်ခဲ့သော်လည်း ယခု ဆောင်းတွင်းကာလ ခရမ်းချဉ်သီးများ ပေါ်ချိန်မှာ အသေးတစ်ပိဿာကို ကျပ် ၈၀၀၊ အကြီးတစ်ပိဿာ ကျပ် ၁၂၀၀ ဈေး ရောင်းချရတာကြောင့် မျိုးဖိုး၊ ဆေးဖိုး၊ ထွန်ယက်ခ၊ အလုပ်သမားခနဲ့ တွက်ပါက အရင်း သာသာလောက်ပဲ ရရှိကြကြောင်း ကျောက်တန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ကိုဘအေးထံမှ သိရသည်။
“ယခုနှစ် ခရမ်းချဉ်စိုက် တောင်သူတွေ အနေနဲ့ အောင်မြင်ဖြစ်ထွန်းမှု ရှိသော်လည်း တစ်ပိဿာကို ၈၀၀/ ၁၀၀၀ ဈေးဖြင့် ရောင်းချနေရပြီး ထိုဈေးထက် ကျသွားပါကလုပ်ငန်းများ အဆင်မပြေကြဘူးပေါ့။ စိုက်ပျိုးစရိတ် အရင်းအနှီးကလည်း အကုန်အကျများတော့ တောင် သူတွေမှာ ခရမ်းချဉ်သီး လှိုင်လှိုင်ဆွတ်ခူး ရောင်းချရပေမဲ့ ဈေးနည်းတော့ တက်ဈေးဘဲမျှော်လင့်နေရတာပေါ့’’ ဟု ကျောက်တန်းကျေးရွာမှ ဒေသခံ တောင်သူ မမြကြည်က ပြောသည်။
မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသောကျေးရွာဖြစ်ပြီး ခရမ်းချဉ်အပြင် ငှက်ပျော၊ ဆူးပုတ်၊ ကင်ပွန်းချဉ်၊ သရက်၊ မာလကာနှင့် အခြားဟင်းသီးဟင်းရွက် သီးနှံပင်များလည်း စိုက်ပျိုးကြကြောင်း တောင်သူများထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)