အောင်လံမြို့၌ မကွေးတိုင်းဒေသကြီး (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

အောင်လံ ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မကွေးတိုင်းဒေသကြီး (Working Group) မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်တွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အနိုင်ရသောပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတာဝန်လွှဲပြောင်းပေးနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးသည် အလွန်အရေးကြီးသောအခန်းကဏ္ဍဖြစ်ပြီး သင်တန်းသားများအနေဖြင့် မိမိတို့မြို့နယ်အသီးသီးမှာ မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များကို ပြန်လည်သင်ကြားပို့ချရမှာဖြစ်သည့်အတွက်သာမန်လူပုဂ္ဂိုလ်တစ်ဦးလွယ်ကူစွာ နားလည်နိုင်သည်အထိ ရှင်းလင်းအောင် သင်ကြားပို့ချပေးရမှာ ဖြစ်ပါတယ် ဒါကြောင့်တိုင်းဒေသကြီး အဆင့်နည်းပြသင်တန်းတက်ရောက်လာသူများအား မြေပြင်တစ်အိမ် တက်ဆင်းကွင်းဆင်း ကောက်ယူကြမယ့် (Working Group)များကို မြေပြင်တွင် လုပ်ငန်းများ လက်တွေ့ ဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့် သင်တန်းပို့ချပေးသွားရမည့် အဓိကတာဝန်ရှိသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်သင်တန်းအား ဖွင့်လှစ်ပို့ချရာ သင်တန်းနည်းပြက မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ အိမ်ထောင်စုစာရင်းပုံစံအလွတ်ဖြင့် ကောက်ယူလာသော စာရင်းများနှင့်ပတ်သက်၍ e-ID Data Baseတွင် ယာယီနေထိုင်သူများစာရင်း သွင်းရန်နှင့် ပတ်သက်၍ရှင်းလင်းခြင်း၊ စာရင်း ကောက်လက်စွဲ စာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များအား ရှင်းလင်းခြင်း၊ ပြောင်းဝင်/ပြောင်းထွက် သေဆုံးများနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း၊ Update ပြုလုပ်ခြင်းလုပ်ငန်းများနှင့် သင်တန်းဆိုင်ရာများကို ပို့ချပေးခဲ့ရာ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၁၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂)ရက် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)